တောင်ငူမှာ စစ်မှုထမ်းထောက်ပံ့ဖို့ဆိုပြီး ငွေသုံးသောင်း အဓမ္မတောင်းနေ

တောင်ငူမှာ စစ်မှုထမ်းထောက်ပံ့ဖို့ဆိုပြီး ငွေသုံးသောင်း အဓမ္မတောင်းနေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ပေးဖို့ဆိုပြီး ခေါင်းစဥ်တပ်ကာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက တအိမ်ကိုငွေသုံးသောင်းကျပ်စီ အဓမ္မကောက်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်စခန်း၊ ကမ်းနီ၊ လက်ပံတံခါးစတဲ့ကျေးရွာ ၃ ရွာမှာ ဇူလိုင်လ ၂၃ ရက်ကနေ ၃၀ ရက်အထိ ၈ ရက်အတွင်း တအိမ်ကို ငွေသုံးသောင်းကျပ် မပေးမနေရဆိုပြီး အချိန်ကန့်သတ်ကာ ပျူစောထီးတွေက တောင်းယူနေကြတာလို့ဆိုပါတယ်။

"မနေ့ကဆို နောက်ဆုံးဆိုပြီးတော့ အတင်းတောင်းကြတယ်။ ပေးတဲ့ဟာတွေကများသွားပြီ။ သုံးပုံ ပုံလို့ တပုံပဲ ကျန်တော့တယ်။ မပြေလည်တဲ့အိမ်က နေအုံးပေါ့။ ပြေလည်တဲ့အချိန်ထည့်ပေးမယ်ဆိုပြီး ပြော ထားရတယ်"လို့ ငွေထည့်ဝင်ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီလိုငွေကောက်ခံမှုကို ညောင်စခန်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နဲ့ ပျူစောထီးခေါင်းဆောင် ဦးအေးသိန်း၊ ကမ်းနီရွာပျူစောထီးခေါင်းဆောင် ဦးချိုဝင်းတို့က အမိန့်ပေးလုပ်ဆောင်နေကြတာပါ။

ငွေသုံးသောင်းကျပ်ကိုထည့်ဖို့ ငြင်းပယ်ရင် စစ်မှုထမ်းရမယ်၊ စစ်မှုမထမ်းချင်ရင် ငွေပေးထည့်ဆိုပြီး ခြိမ်းခြောက်ကာ တောင်းယူနေတာကြောင့် အိမ်တိုင်းနီးပါး ပေးနေကြရတယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

စစ်မှုထမ်းတွေခေါ်ယူတဲ့အချိန်ကစတင်ပြီး ပဲခူးအရှေ့ခြမ်းက တောင်ငူမြို့ နယ်၊ ဝေါမြို့နယ်ထဲက ကျေးရွာအများစုမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုကာ ပျူစောထီးတွေက လစဥ်ငွေကောက်ခံနေခဲ့ကြတာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇွန်လပထမပတ်ကလည်း စစ်မှုထမ်းငှားဖို့ဆိုကာ ဝေါမြို့နယ်၊ ဘုရားပျိုရွာနဲ့ ပန်းဘဲစုကျေးရွာကဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက တအိမ်ထောင် ၃ သောင်းကျပ် တောင်းယူခဲ့တယ်လို့ ဝေါမြို့နယ်ဒေသခံတဦးဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်ကောင်စီ #ပိုက်ဆံတောင်း #စစ်မှုထမ်းငှားရမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10