တောင်ငူမှာ အသက်ကယ်လှေမလုံလောက်လို့ နေရာတိုင်းကို ကယ်ဆယ်ရေးသွားဖို့ အခက်တွေ့နေ

တောင်ငူမှာ အသက်ကယ်လှေမလုံလောက်လို့ နေရာတိုင်းကို ကယ်ဆယ်ရေးသွားဖို့ အခက်တွေ့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေတက်လို့ ရေကြီးရေလျှံ ကြုံနေချိန် အသက်ကယ်လှေမလုံလောက်မှုကြောင့် ရေဘေးသင့်နေရာတိုင်းကို သွားရောက်ကူညီဖို့ အခက်တွေ့နေတယ်လို့ တောင်ငူအခြေစိုက် ပရဟိတအဖွဲ့ဆီက သိရပါတယ်။

ပရဟိတအသင်းတိုင်းမှာ အသက်ကယ်စက်လှေတွေမရှိနေတာ၊ ရှိတဲ့စက်လှေတွေကလည်း ရေစီးသန်တဲ့ နေရာတွေကို ဖြတ်သန်းမောင်းနှင်နိုင်လောက်အောင် မကောင်းမွန်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ များစွာအခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

" အဓိက,က လှေမလုံလောက်တဲ့ အခက်ခဲဖြစ်တာ။ အုပ်ချုပ်ရေးပိုင်းကတော့ လှေပေးတာက မရှိသလောက်ပဲ။ အချို့နေရာတွေအတွက် ထုတ်ပေးပေမယ့် မလောက်ပါဘူး။ ပေးတာက တစီးနှစ်စီးလောက်ဆိုတော့။ အမှန်ဆို အစီးအများကြီး ပေးရမှာ။ ခုက ရေကအများကြီး တက်နေတာကိုး။ ပရဟိတဆယ်ဖွဲ့ရှိရင် တဖွဲ့မှာ တစီးတောင် မရှိကြဘူး။ အသင်းတိုင်း လှေမရှိဘူး။ ဆယ်ဖွဲ့လုံးမှ လေးငါးစီးလောက်ရှိတာ။ "လို့ တောင်ငူအခြေစိုက် ပရဟိတအသင်းဝင်တဦးက ပြောပါတယ်။

လှေအခက်ခဲကြောင့် ရေဘေးသင့်နေတဲ့နေရာတွေက အကူအညီတောင်းတိုင်း နေရာတိုင်းကိုမသွားနိုင်တော့တာကြောင့် အကူအညီမရောက်ဘဲ ပိတ်မိနေတဲ့ဒေသတွေလည်းရှိနေပြီး အဓိက စစ်တောင်းမြစ်ကမ်းနံဘေး ကျေးရွာတွေနဲ့ ရေစီးသန်ပြီးသွားလာရခက်ခဲတဲ့နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးတွေမရောက်တာကြောင့် တောင်ငူမြို့နယ်၊ ဒိုးအင်း၊ လေးအိမ်စု၊ စဉ့်အိုင်၊ ကျွန်းသာယာ စတဲ့ ကျေးရွာကဒေသခံအချို့လည်း ကျေးရွာအတွင်းပိတ်မိပြီး နေထိုင်စားသောက်ကြဖို့ အခက်တွေ့နေကြကာ ဒီထက်ရေတက်လာရင် အန္တရာယ်ရှိလာနိုင်တယ်လို့လည်း ဒိုးအင်းဒေသခံတဦးက မြေလတ်အသံကို ဖြေဆိုထားခဲ့ပါတယ်။ 

စက်တင်ဘာ ၁၁ ရက်ကတည်းကစပြီး စစ်တောင်းမြစ်ရေမြင့်တက်လာလို့ တောင်ငူမြို့နယ်အတွင်းက ရပ်ကွက် ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေကြီးနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူသောင်းချီရှိနေကာ လက်ရှိ တောင်ငူမြို့ပေါ် နဲ့ ကျေးရွာအချို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၃၀ ကျော်ဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။ 

တောင်ငူမြို့နယ်ထဲမှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အတွင်း ရေနစ်သေဆုံးထားတဲ့ အမျိုးသား ၃ ဦးရှိနေပြီး နောက်ထပ် သေဆုံးသူတွေလည်းရှိနေနိုင်သေးတယ်လို့ အထက်ပါပရဟိတအသင်းဝင်က ဆိုပါတယ်။

မိုးဇလရဲ့ စက်တင်ဘာ ၁၄ ရက်မနက် ၆ နာရီ ၃၀ အချိန် ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၈၁၄ စင်တီမီတာမှာရှိနေတယ်လို့ သိရပါတယ်။

ယခုအကြိမ်ရေကြီးတာက တောင်ငူမြို့နယ်အတွင်း ၃ ကြိမ်မြောက်ရေကြီးတာဖြစ်ပြီး ယခုနှစ်အတွင်း အဆိုးရွားဆုံး အခြေနေဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံစာ - တောင်ငူမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ပေးနေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေကြီး #အသက်ကယ်လှေ #မလုံလောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10