တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar - BWM တပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၂၀ ရက် မနေ့က ည ၁၁ နာရီ ၅၆ မိနစ်လောက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးက ချို့ယွင်းမှုဖြစ်ပြီး ၄ လုံးကတော့ စခန်းအတွင်းကျရောက်ပေါက်ကွဲသွားတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

“ဒီနှစ်ထဲမှာပဲ ကျနော်တို့တောင်ငူလေတပ်စခန်းကို ပစ်တာ ၃ ကြိမ်လောက်ရှိပြီ။ မနေ့က သွားပစ်တော့ ထိခိုက် ပျက်စီးတာတွေရှိတယ်။ ကျနော်တို့သေချာအောင် ကွန်ဖန်း လုပ်နေတုန်း။ ပစ်ခတ်မှုတွေပြီးတဲ့ အချိန်မှာလည်း သူတို့(စစ်ကောင်စီ) သံသယရှိတဲ့ဧရိယာတဝိုက်ကို ဒရုန်းနဲ့ပတ်ကြည့်တယ်။” လို့ BWM ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်ပြီး ၁ နာရီလောက်အကြာမှာလည်း စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

အဲဒီတောင်ငူလေတပ်စခန်းကို သွားရောက်ပစ်ခတ်ဖို့အတွက် ၂ လနီးပါး အချိန်ယူခဲ့ရသလို စစ်ကောင်စီတပ်သားတွေဘက်ကလည်း တကြိမ်တိုက်ခိုက်ပြီးတိုင်း တကြိမ်လုံခြုံရေးပိုမိုတင်းကျပ်လာတဲ့အတွက် အခက်အခဲတွေကြားက တိုက်ခိုက်ခဲ့ရတယ်လို့ အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။ 

“တကြိမ်ထက်တကြိမ် လုံခြုံရေးက ပိုပြီးတင်းကျပ်ထားတယ်၊ လူအင်အားတိုးချဲ့လာတယ်။ ပြီးရင်သူတို့က လုံခြုံရေးစည်းတွေကို တထပ်ပြီးတထပ်ကာလာတာတွေ တွေ့ရတယ်။ အဲဒီထဲမှာပဲ ကျနော်တို့ အတွင်းစည်းတွေအထိကို ကြိုးစားဝင်ပြီးတော့ ပစ်နိုင်အောင်ကြိုးစားခဲ့တယ်။” လို့ သူက ပြောပါတယ်။ 

ပစ်ခတ်မယ့်နေရာကို လူရောပစ္စည်းတွေပါရောက်ဖို့ သယ်ယူရာမှာအခက်အခဲရှိခဲ့ပြီး ပစ်ခတ်ပြီးချိန်မှာလည်း လုံခြုံတဲ့နေရာကို ပြန်ရောက်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ 

လေတပ်စခန်းတွေကို တိုက်ခိုက်တာဟာလည်း တော်လှန်ရေးကို အဆုံးအဖြတ်ပေးမဲ့နေရာတွေထဲက တခုဖြစ်တာကြောင့် အဲ့ဒီနေရာတွေကိုပြိုလဲအောင်ဖြိုနိုင်ပါက တော်လှန်ရေးအောင်နိုင်ဖို့ သေချာနိုင်တာကြောင့် တော်လှန်ရေးညီကို မောင်နှမတွေအနေနဲ့လည်း လေတပ်သီးသန့်ကို အာရုံစိုက်ပြီး တိုက်ခိုက်ကြဖို့ကိုလည်း BWM ရဲ့ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပါတယ်။ 

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)၊ Mountain Knights Civilian Defense Force (MKCDF)၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့၊ Mercury Revolution Force (MRF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း BWM ပူးပေါင်းတပ်ဖွဲ့ဟာ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုန်း ၁၀ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး တိုက်လေယာဉ် ၂ စီး လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း -  လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်ကောင်စီ #လေတပ် #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10