တောင်သာက စစ်တပ်စခန်းတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်၊ ဝဲလောင်ရွာက စစ်ကောင်စီ တပ်စခန်းတခုကို တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

သြဂုတ် ၁၀ ရက်မနက် ၅ နာရီလောက်မှာ စစ်မှုထမ်းဟောင်း၊ ရဲနဲ့ ပျူစောထီးအင်အား ၁၀ ဦးကျော်ရှိနေတဲ့ ဝဲလောင်ရွာက စစ်တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ပြီး မိနစ် ၃၀ ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒီတိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးတာကို တိုက်ခိုက်ရေးရဲဘော်တွေ မျက်မြင်တွေ့ခဲ့ရပြီး စခန်းအနီးရှိဘန်ကာတွေကိုတော့ မီးရှို့ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် မောင်းပြန် ၂ လက်၊ G 3 ၁ လက်၊ ကာဘိုင် ၁ လက်၊ လက်လုပ်သေနက် ၁ လက်၊ G3 ကျည်တောင့် ၄၀၀ ကျော်၊ 5.56 ကျည်နဲ့ ကာဘိုင်ကျည် ၈၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ Icon  ၁ လုံး၊ ဆိုင်ကယ် ၁ စီးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၉၊ နေပြည်တော်တပ်ရင်း ၈၀၁၊ တောင်သာမြို့နယ်ပြည်သူ့လုံခြုံ‌ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ 

ဝဲလောင်ကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာတရွာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေကြတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း၊တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တောင်သာ #စစ်ကောင်စီစခန်း #တိုက်ခိုက် #သိမ်းဆည်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10