တောင်သာ တရုတ်ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီ အမှတ် ၁၀ အထည်ချုပ်စက်ရုံလည်း မီးလောင်နေ

တောင်သာ တရုတ်ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီ အမှတ် ၁၀ အထည်ချုပ်စက်ရုံလည်း မီးလောင်နေ

မန္တလေးတိုင်း၊ တောင်သာမြို့ရှိ စစ်ကောင်စီ MOGE လက်အောက် တရုတ်သဘာဝဓာတ်ငွေ့အဓိကဖြန့်ချီရာဖြစ်တဲ့ တောင်သာဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပိုက်လိုင်းလုံခြုံရေးပေးနေတဲ့  စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ သြဂုတ် ၁၂ရက် မနက် ၅ နာရီ လောက်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး မနက် ၈ နာရီလောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ တောင်သာဒေသခံတဦးက ပြောပါတယ်။

"အခုက မိုးလည်းရွာနေတော့ အသံတော့သိပ်မကြားတော့ဘူး။ မနက်အစောကတော့ တအုံးအုံးပဲ ဆူညံနေတယ်" လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ်နေရာတချို့မှာလည်း ဒီမနက်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီစက်မှုဝန်ကြီးဌာနလက်အောက် အမှတ် ၁၀ အထည်ချုပ်စက်ရုံမှာ ဒီမနက် ၇ နာရီလောက်ကစတင်ကာ  မီးလောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်သာမြို့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းကစတင်ကာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နွားထိုးကြီးမြို့ပေါ်က စစ်တပ်အထိုင်စခန်းတွေကိုသိမ်းယူထားနိုင်ကာ လက်ရှိမှာနွားထိုးကြီးမြို့ကို စစ်ကောင်စီစစ်ကူတွေရောက်မလာနိုင်ရေး လမ်းပိုင်းဖြတ်တောက်ရေးတွေ လုပ်ထားတယ်လို့ မြေပြင်ရဲဘော်က ပြောပါတယ်။

မနေ့က နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီဘက်ကလည်း နွားထိုးကြီးနဲ့ ငါးဇွန်မြို့နယ်အစပ်က ဖောင်ချင်းရွာကို ရဟတ်ယာဥ်နဲ့ ဗုံးငါးလုံးကြဲချတိုက်ခိုက်သွားပြီး နေအိမ်တချို့သာ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ၂၀၂၂ နိုဝင်ဘာလက တောင်သာ အမှတ် ၁၀ အထည်ချုပ်စက်ရုံကို စစ်ကောင်စီ စက်မှုဒုဝန်ကြီး လာရောက်စစ်ဆေးစဉ်။

သတင်း - N၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #တောင်သာ #တိုက်ပွဲ #သဘာဝဓါတ်ငွေ့ #အမှတ်၁၀အထည်ချုပ်စက်ရုံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10