တောမီးကနေရွာကိုကူးလို့ ရွာလုံးကျွတ်နီးပါးမီးလောင်၊ လေဖြတ်နေတဲ့အမျိုးသမီးကြီး ၁ ဦး မီးထဲပါသွား

တောမီးကနေရွာကိုကူးလို့ ရွာလုံးကျွတ်နီးပါးမီးလောင်၊ လေဖြတ်နေတဲ့အမျိုးသမီးကြီး ၁ ဦး မီးထဲပါသွား

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးအနောက်ဘက်ခြမ်း မှန်ကျေးရွာမှာ တောမီးကနေတဆင့် ရွာမီးလောင်လို့ အိမ်ခြေ ၁၆၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂၂ ရက် မနက် ၁၁ နာရီခန့်မှာ မှန်ကျေးရွာအနီးရှိတောင်ကြောမှာ တောမီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မီးပွားတွေ ကျေးရွာထဲကို ကျရောက်ခဲ့ပြီး နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာ လို့ဆိုပါတယ်။

"တောမီးလောင်တဲ့အချိန် လေကလည်းတိုက်နေတာဆိုတော့ မီးလောင်တာကို အားပေးသလိုဖြစ်ပြီး ရွာထဲကို မီးပွားတွေကျရာကနေ လောင်ကုန်တာ။ မီးစလောင်တဲ့ဘက်ကအိမ်တွေဆို ဘာမှယူမခင်ဘူး(မယူလိုက်ရဘူး)။ လူတွေပဲ အလွတ်ရုန်းပြေးကြရတာ"လို့ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တောမီးကနေ မီးကူးစက်လောင်ကျွမ်းလို့ အိမ်ခြေ ၁၈၀ ခန့်ရှိတဲ့ကျေးရွာမှာ အိမ်ခြေ ၁၆၀ ကျော် မီးလောင်ပျက်စီးခဲ့သလို လေဖြတ်ဝေဒနာခံစားနေရသူ  အသက် ၆၀ ကျော် ဒေါ်ယုံ ဆိုသူ အမျိုးသမီးကြီးတဦးလည်း မီးလောင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်တဲ့ကျေးရွာဟာ မင်းတုန်းမြို့နဲ့ မိုင် ၂၀ ကျော်သာကွာဝေးပြီး၊  မီးသတ်ကားတွေဟာလည်း ညနေ ၃ နာရီခန့်မှာသာရောက်ရှိ မီးငြှိမ်းသတ်နိုင်ခဲ့လို့ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးချိန် ညနေ ၆ နာရီခန့်မှသာ မီးထိန်းနိုင်ခဲ့တာလို့ သိရပါတယ်။

မှန်ကျေးရွာဟာ ပုသိမ်-မုံရွာလမ်းမကြီးအနောက်ဘက်ခြမ်း ရခိုင်ရိုးမအစပ်ရွာကြီးဖြစ်ပြီး သစ်ကြီး၊ ဝါးကြီးတွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေ တည်ဆောက်ထားသလို စိုက်ပျိုးစီးပွားကောင်းမွန်တဲ့ရွာ ဖြစ်ပါတယ်။

ဒါ့အပြင် အစဉ်အဆက် ပုဂ္ဂလိကပိုင်အဖြစ် ဆင်တွေမွေးမြူကြပြီး သစ်ထုတ်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ကြတဲ့ရွာ ဖြစ်ပါတယ်။

မီးလောင်မှုအတွင်းဒေသခံ ၇၀၀ နီးပါးမီးဘေးသင့်ခဲ့ရပြီး မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပြင် ကျေးရွာအနီးလယ်ကွင်းတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

ရွာလုံးကျွတ်နီးပါးမီးလောင်သွားတဲ့အပြင် နေအိမ်ရှိပစ္စည်းတွေလည်း မယူဆောင်နိုင်တာကြောင့် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၃၀,၀၀၀ ကျော်  ပျက်စီးမှုရှိနိုင်ကြောင်း ရွာခံတွေက ခန့်မှန်းထားပြီး မီးဘေးသင့်ဒေသခံတွေအတွက် အစားအသောက်၊ အမိုးအကာနဲ့ အဝတ်အစားတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မင်းတုန်း #မီးလောင်မှု #တောမီး #ရွာလုံးကျွတ်ပျက်စီး #အကူအညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10