တော်လှန် ကင်ပွန်းပြောင်းခြင်း

တော်လှန် ကင်ပွန်းပြောင်းခြင်း

“ဗိုလ်”မကြိုက်သည့် ကြက်သွန် 

ပဲခူးတိုင်းအရှေ့ခြမ်းဒေသ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာလေးတရွာ။ ထိုရွာထဲသို့ သက်ကြီးပိုင်း အမျိုးသားတဦး ခြေလျင်လျှောက်ကာ ဝင်လာသည်။ အသက် ၅၀ အရွယ်ဖြစ်၍သာ အသက်ကြီးပိုင်းဟုဆိုရသော်လည်း သူ့ ပုခုံးပေါ်၌ အလေးချိန် ၅ ပိဿာရှိ ကြက်သွန်နီအိတ်ကို မတုံ့မဆိုင်း ထမ်းလာသည်။ 

ထို့နောက် ရွာထဲရှိ သူနေထိုင်တည်းခိုမည့် အိမ်ဝန်းထဲသို့ဝင်သွားသည်။ အိမ်ထဲသို့ ရောက်ရောက်ချင်း ထမ်းလာသည့်အိတ်ကို မြေပေါ် ချလိုက်သည်နှင့် သူ့အတွက် အမည်သစ်တခုက စီးကြိုနေသည်။   

“ကြက်သွန်....ဗိုလ်ကြက်သွန်” 

ထိုနေအိမ်၌ ဦးစွာရောက်နေသော သူနှင့်မတိမ်းမယိမ်း အမျိုးသားတဦးက ခရီးရောက်မဆိုက် သူ့အတွက် ကင်ပွန်းတပ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုဘွဲ့အမည်ကို ဆိုင်းမဆင့်ဗုံမဆင့် ရလိုက်ခြင်းပင်။  

“တော်လှန်ရေးထဲ စဝင်လာတော့ ကျနော်စစချင်းဝင်တဲ့အိမ်မှာ တော်လှန်ရေးနာမည် အာလူးဆိုပြီး မှည့်ထားတဲ့တယောက် ရှိတယ်ဗျ။ အဲ့တော့ ကျနော်ရောက်လာတော့ ကျနော်ကလည်း ရိက္ခာတွေ ဘာတွေ ပါလာတယ်၊ ပါလာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကြက်သွန်အိတ်ကြီး ထမ်းလာတာ၊ သူကလည်း ‘ဟေ့ကောင် ဒီမှာတော်လှန်ရေးနာမည်ပေးမယ်’ တဲ့ ကြက်သွန်အိတ်ကြီးမြင်တော့ ‘မင်းက ကြက်သွန်လုပ်လေကွာ’ တဲ့ ‘လုပ်ပေါ့ကွာ’လို့ဆိုပြီး တွင်သွားတာပဲ။ နောက် ကြက်သွန်ပဲ ခေါ်တော့တာ” 

လက်နက်ကိုင်တော်လှန်ရေးခရီးအစမှာ နာမည်အသစ်ရခဲ့သည့်အကြောင်းကို ဗိုလ်ကြက်သွန်က ရှင်းပြခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေကို လုပ်ဆောင်လာသည့် စစ်ကောင်စီနှင့်အပေါင်းအပါများကို လက်နက်ကိုင်တော်လှန်လိုသည့်အတွက် စစ်သင်တန်းတက်ရောက်ဖို့ ထွက်လာသည့်ရက်မှာတင် ထိုနာမည်ကို ရလိုက်ခြင်းဖြစ်သည်။ 

လက်ရှိတွင် ဗိုလ်ကြက်သွန်သည် ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်တကြောရှိ စစ်ကောင်စီတပ်တွေကို ရင်ဆိုင်တိုက်ခိုက်နေသည့် တောင်ငူခရိုင်၊ တပ်ရင်းအမှတ် - ၃၅၀၁၊ တပ်ခွဲ - ၆ ကို ဦးဆောင်နေသူတဦး ဖြစ်သည်။ 

အစပိုင်းတွင်မူ သူ့အမည် “ကြက်သွန်” ကို ပေး၍သာလက်ခံခဲ့ရ။ အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့သည်။ နောက်ပိုင်းမှ ထိုနာမည်နှင့်သူ၏စရိုက် ခပ်ဆင်ဆင်တူသည်ဟု တွေးမိရင်း သည်နာမည်အပေါ် ကိုယ်တိုင် သဘောကျ နှစ်သက်လာသည်ဟု ဗိုလ်ကြက်သွန်က ဆိုသည်။

“ကျနော်ကလည်း အပြင်မှာ အဲ့လိုပဲ၊ ကိုယ်မှန်တာလုပ်ရင် ထိလို့တော့ မရဘူးဗျ၊ ထိရင် တမ်းမွှန်တာ၊ ချချင်တာ ကိုင်ချင်တာ။ ကြက်သွန်ဆိုတာလည်း အခွံနွှာပြီးရင် မွှန်တတ်တဲ့အမွှန်ဓါတ်ရှိတာကိုး”

စကားပြောရင် ခပ်ပြတ်ပြတ်ပြောတတ်သည်။ မဟုတ်မခံ စိတ်ရှိသည်။ မှန်တယ်ထင်ရင် ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘဲ ချက်ချင်းပြန်ချေပတတ်သည့် အမူအကျင့်များကြောင့် သူ့ကိုယ်သူ ကြက်သွန်နှင့်တူသည်ဟု တင်စားလိုက်ခြင်းလည်းဖြစ်သည်။ 

သူ့အတွက်တော့ ပညတ်သွားရာဓာတ်သက်ပါသည်မဟုတ်။ ရှိရင်းစွဲ ဓာတ်သက်ဆီသို့ ပညတ်က အသင့်ဝင်ပေါင်းစည်းလာသည်ဟု ဆိုရမည်။ 

သည့်အပြင် ထိုနာမည်ကို သဘောကျရသည့်အကြောင်းအရင်း နောက်တခုလည်း ရှိနေသည်။ အတိတ်နိမိတ် ကောက်လိုက်ခြင်းပင်။  

“ကြက်သွန်...(ကျွန်သက်)”

“အတိတ်က ဘာပြန်ကောက်လိုက်တုန်းဆိုတော့ ငါ ကြက်သွန်နာမည် ခပ်ကောင်းကောင်းကွ၊ ကြက်သွန်ကြောင့် ကျွန်သက်မရှည်စေရဘူးဟေ့လို့ ကိုယ့်ကိုယ်ကိုယ် အတိတ်နိမိတ်ယူလိုက်တာ” ဟု ဗိုလ်ကြက်သွန်က ဆိုသည်။ 

တော်လှန်ရေးကာလအတွင်း အမှတ်မထင်ရလိုက်သည့် နာမည်တခုက သူ့အတွက် အဓိပွါယ်ပြည့်စုံမှုတွေ ရှိလာသည့်အတွက် ဒီနာမည်ကိုပြန်တွေးရင်း “ကိုယ်ဘာကိုယ် ဖီးလ်တွေ ဖြစ်နေတာ” ဟု ရယ်သံနှော၍လည်း ပြောပြသေးသည်။ 

သို့ပေသည့် နာမည်ကိုကြိုက်သော်လည်း နာမည်ရှေ့တွင် ထည့်ထားသည့် “ဗိုလ်” ဆိုသည့် စကားလုံးကို သူမကြိုက်။ 

ပြည်သူအပေါ် လက်နက်အားကိုးနှင့် ဗိုလ်ကျအုပ်ချုပ်သည့်ပုံစံမျိုးကို မုန်းသူဖြစ်၍ “ဗိုလ်” ဆိုသည့် စကားလုံးကို မနှစ်ခြိုက်ခြင်း ဖြစ်သည်။ ထိုစကားလုံး ထည့်ခေါ်လျှင်ပင် ကိုယ့်စိတ်ကိုယ်၌ ရှက်စိတ်ဝင်မိသည်။ “ဗ” နှင့် “ဗိုလ်” မလုပ်ဘဲ “ဘ” နှင့် “ဘို” လုပ်လိုက်ရရင်လည်း အကောင်းသားဟု ဗိုလ်ကြက်သွန်က ဆိုသည်။

“စိတ်ထဲမှာ တအားတော့ သဘောမကျဘူး။ တချို့က 'ဦးကြက်' 'ကိုကြက်' ဒီလိုလေးခေါ်တာလေးကို ပိုသဘောကျတယ်ဗျ၊ ဗိုလ်ကြက်သွန် ဗိုလ်ကြက်သွန် ဆိုတာကြီးကျတော့ စိတ်ထဲမှာ ကျနော်က ရှက်တာပေါ့နော်။ ကျနော်က တော်လှန်ရေးထဲလာတာ ဗိုလ်လုပ်ဖို့လာတာ မဟုတ်ဘူးလေ” 

သာမန်အရပ်သား ဆောက်လုပ်ရေးခေါင်းဆောင်ပိုင်း အလုပ်ကနေ တော်လှန်ရေးထဲကို ရောက်လာသည့် တော်လှန်ရေးသမားစစ်စစ်ဖြစ်သည့်အတွက် အထက်အောက် ရာထူးအခေါ်အဝေါ်တွေကို သူမလိုလား။ 

ထို့ကြောင့် 'ဦးကြက်သွန်' သို့မဟုတ် 'ကိုကြက်သွန်' လို့သာ တရင်းတနှီးခေါ်စေချင်သည်ဟု သူ၏ သဘောထားကို ပြောခဲ့သည်။

“ဗိုလ်လုပ်ချင်လို့ လာတာမှ မဟုတ်တာလေ။ ကျနော်တို့က ရိုးရိုးသားသား အရပ်သားစစ်စစ်လေ၊ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ တော်လှန်ရေးထဲ ရောက်လာတဲ့ တော်လှန်ရေးသမားစစ်စစ်တွေပေါ့ဗျာ။ ဗိုလ်ကြက်သွန်လို့ ခေါ်လိုက်တာနဲ့ တအားတော့ ဖီးလ်မရှိဘူး။ ရှေ့က ဗိုလ်မပါဘူးဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကိုကြက်သွန် ကိုကြက်သွန်ဆိုရင်တော့(ပေါ့)” ဟု ဆိုသည်။ 

ဗိုလ်ကြက်သွန် ဦးဆောင်သည့်တပ်ဖွဲ့မှာ တပ်ဖွဲ့ စတင်ထူထောင်ချိန်မှ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ၊ ပြောက်ကျားတိုက်ခိုက်မှု၊ ဖောက်ခွဲမှုနှင့် ဒလန်ရှင်းလင်းရေးများကို အကြိမ် ၅၀ နှင့်အထက် လုပ်ဆောင်ထားနိုင်ခဲ့သည်။

စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီဒေါက်တိုင် သတင်းပေးဒလန်များကိုလည်း ဆယ်ဂဏန်းမက ရှင်းလင်းသုတ်သင်နိုင်ခဲ့၏။ 

သည့်အပြင် ဗိုလ်ကြက်သွန်သည် သူမုန်းသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းဖို့အတွက် ဖြစ်လာသည့် ဘယ်လိုအခြေအနေတွင်မဆို လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တော်လှန်သွားမှာက မလွဲဧကန်ပင်။  

တောကြီးမြွေပွေးအဖွဲ့ ခေါင်းဆောင် ဗိုလ်တီ 

ဗိုလ်ကြက်သွန်ကဲ့သို့ တော်လှန်အမည်ပြောင်းခဲ့ရသည့် နောက်ထပ်လူငယ်တဦးလည်း ရှိသေးသည်။ လက်ရှိ သူ့အသက်မှာ ၂၀ နှစ်ဝန်းကျင်။ အညိုရောင်အသားအရေနှင့်  ကြံ့ခိုင်သော ကိုယ်ခန္ခာရှိသည့် အညာသားတဦး။ 

Yezin Agricultural University – YAU ဒုတိယနှစ်ကျောင်းသားအဖြစ်ကနေ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် တောခိုခဲ့သူလည်းဖြစ်သည်။ 

သူ၏ တော်လှန်ရေးအမည်ကား ”ဗိုလ်တီ”။ 

“တီ” ဆိုသည့်အမည်ကို ရခဲ့ပုံကလည်း သည်လိုရှိသည်။ တော်လှန်ရေးထဲစဝင်လာသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် သူ့အသက်မှာ ၁၉ နှစ်သာ ရှိသေးသည်။ အရွယ်ငယ်သော်လည်း “ဇ” က မသေးပေ။ လပိုင်းအကြာ၌ ပြောက်ကျားတပ်ဖွဲ့တခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ နာမည်က “တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့” ဖြစ်သည်။

“နာမည်ကတော့ သာမန်ပါပဲ။ ကိုယ့်ထိရင် မခံဘူးဆိုတဲ့ စိတ်နဲ့ပါ။ မတရားတာလုပ်ရင် မခံဘူးဆိုတာပေါ့” ဟု အဖွဲ့နာမည် စတင်ပေးဖြစ်ခဲ့ပုံကို ဗိုလ်တီက ရှင်းပြသည်။ 

တောကြီးမြွေပွေးအဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ရွှေဘို၊ စစ်ကိုင်း စသည့်မြို့နယ်တွင်သာမက မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်တွင်းပါ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နေသည့် အဖွဲ့ပင်။ 

ထိုအဖွဲ့အမည်ပေးပြီးနောက် သူ့အနီးရှိ ရဲဘော်တချို့က “မြွေပွေးမဟုတ်ဘူး၊ တီကောင်ပါ” ဟု စနောက်ခေါ်ရာမှ ဗိုလ်တီ ဆိုသည့်အမည်ကို ရရှိခဲ့သည်။ 

“ပြီးတော့ ကျနော်နဲ့ထိတွေ့မှုတွေစဖြစ်တဲ့ စစ်ကောင်စီဘက်ကလည်း တီကောင်ပါဆိုပြီး လှောင်ပြောင်ရင်း ဗိုလ်တီဆိုတဲ့နာမည်ကို ရခဲ့တာပါ” ဟု ဗိုလ်တီက ရှင်းပြသည်။

အသက်ငယ်သည့်အတွက်ကြောင့် မခိုးမခန့် လှောင်ပြောင်ခေါ်ကြရာမှ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ အထူးအဆန်းတော့ မဟုတ်။ သို့သော် သည်နာမည်က အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီကို တမြေ့မြေ့ ထိတ်လန့်စေခဲ့သည်။ 

အကြောင်းမှာ ဗိုလ်တီဦးဆောင်သည့် တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့သည် တပ်ဖွဲ့စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်ထိ စစ်ကောင်စီသုံးပွင့်ဗိုလ် ၃ ဦးနှင့် တပွင့်ဗိုလ်တဦးအပါအဝင် စစ်ကောင်စီ တပ်သားပေါင်း ရာနဲ့ချီကို သုတ်သင်နိုင်ခဲ့ပြီး ရဲကင်းအချို့နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုတိုက်ခိုက်မှုများအနက် ဝက်လက်မြို့နယ်၊ ရှိန်းမကားလမ်းဆုံအနီးတွင် စစ်ကောင်စီအဖွဲ့ဝင် စခန်းမှူး လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်က လက်ရှိအချိန်ထိ ဗိုလ်တီအတွက် သတိတရရှိနေသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် မနက် ၇ နာရီခွဲလောက်တွင် သစ်ဆိမ့်ကျေးရွာ ရဲစခန်းမှ စခန်းမှူးနှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားကို အထက်ပါလမ်းဆုံအနီးတွင် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့သည်။ စီးလာသည့် ကားမှာလည်း အပိုင်းပိုင်းပြတ်ကာ ပျက်စီးခဲ့သည်။ 

“ရှိမ်းမကား လမ်းဆုံမှာ မိုင်းဆွဲပစ်ခတ်တာကို အကြိုက်ဆုံးပါပဲ။ ခါးပြတ် လက်ပြတ်တွေ ဖြစ်ကုန်လို့။ ကားကို အရင်မိုင်းဆွဲဝာာ၊ လူတွေရော ကားရော ကြေမွသွားတယ်” ဟု အဆိုပါတိုက်ခိုက်မှုအတွင်း မြင်တွေ့ခဲ့ရသည်များကို အားပါးတရ ပြန်ပြောပြနေသူမှာ ဗိုလ်တီ။ 

အသက်ငယ်သော်လည်း ခေသူတော့ မဟုတ်ချေ။ “တီ” အစွမ်း အံ့မခန်းဟု ဆိုရမည်လော။ 

အာဏာသိမ်းစ ကာလများတွင်တော့ အားလုံးကိုစွန့်လွှတ်ပြီး တောခိုဖို့ သူမတွေး။ သပိတ်တခု၌ စစ်ကောင်စီရဲ့ ဖြိုခွင်းတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူ၏လက်မောင်းကို ကျည်ထိမှန်ခဲ့သည့်နောက် သူ့စိတ်၌ တော်လှန်ရေး ဝိညာဥ် ကိန်းဝင်လာသည်။ 

ထို့နောက် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အဆုံးစွန်ထိ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ကာ မိသားစုလိုက် တောခိုခဲ့သည်။ သူနှင့်အတူ ၄ နှစ်အရွယ်ညီမငယ်၊ အကိုတဦးနှင့် မိဘ ၂ ဦးလည်း လိုက်ပါလာသည်။ မိသားစုလိုက် တော်လှန်ရေးမှာ ပါဝင်နေခြင်းဖြစ်သည်။ 

ထို့ကြောင့် ဗိုလ်တီအနေဖြင့် ရောက်နေသည့် တော်လှန်ရေးလမ်းမပေါ်ကနေ နောက်ပြန်မဆုတ်ဘဲ အောင်နိုင်သည်အထိ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်သွားဖို့ကိုသာ ခံယူစိတ်ပြင်းပြလျှက် ရှိနေသည်။ 

အားသစ်ပေးသည့် နတ်ဆိုး 

“သူတော်ကောင်း နတ်ကောင်းမ”ဟု ဆိုကြသည်။ သည်လိုဆို သူယုတ်မာများအတွက်တော့ နတ်ဆိုး၏ တာဝန်ပေါ့။ ဟုတ်မည်။ ပြည်သူအပေါ်နည်းမျိုးစုံနှင့် အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်သားများကိုတော့ နတ်ကောင်းက ဝေးဝေးမှ ရှောင်မှာသေချာသည်။ သို့သော် “နတ်ဆိုး” ကတော့ သူတို့နှင့် အနီးဆုံးကနေ အမြဲခြောက်လှန့်နေလိမ့်မည်။ 

ဆိုရရင် မန္တလေးတိုင်း၊ မတ္တရာနယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များနှင့် အပေါင်းအပါများအတွက်တော့ “နတ်ဆိုး”၏လက်မှ လွတ်ဖို့မလွယ်။    

 “နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့” ၏ လက်မှ လွတ်ရန်မလွယ်ဟုဆိုလျှင် ပိုမှန်မည်။ 

သည်တပ်ဖွဲ့ကား မတ္တရာမြို့နယ်အတွင်း ခြေကုပ်ယူကာ မတ္တရာနှင့် ပုသိမ်ကြီးနယ်တကြော စစ်ကောင်စီကို အားကောင်းကောင်းနှင့် တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။  

“အဖွဲ့အစည်းနာမည်ပေးတဲ့ အချိန်မှာလည်း ကျနော်တို့တိုင်ပင်ပြီး ကျနော်ကိုယ်တိုင်ပဲ ရွေးချယ်ပြီး ပေးခဲ့တယ်။ ဒီကောင်(စစ်ကောင်စီ)တွေ အတွက်တော့ ငါတို့က ဘယ်တော့မှ နတ်ကောင်းဖြစ်လာမှာ မဟုတ်ဘူး။ ဒီကောင်တွေအတွက် နာမည်ကြားတာနဲ့ အမြဲတမ်းကြောက်နေစေရမယ်ဆိုပြီး အဖွဲ့နာမည်ကို နတ်ဆိုးလို့ ကျနော်တို့ ပေးလိုက်ဖြစ်တယ်” ဟု အဖွဲ့တာဝန်ရှိသူက တပ်ဖွဲ့အမည် ပေးဖြစ်ခဲ့ပုံကို ပြောပြသည်။  

ဗေဒင်ယတြာများနှင့် တွက်ချက်ပေးခဲ့သည်မဟုတ်။ စစ်ကောင်စီတပ်တွေရဲ့ နောက်ကနေ နတ်ဆိုးသဖွယ် ခြောက်လှန့်ဖို့အတွက် အရိပ်လို တောက်လျောက်ရှိနေရမည်ဟူသော ရည်ရွယ်ချက်နှင့် ပေးခဲ့ခြင်းပင်။ 

အလားတူ အဆိုပါတပ်ဖွဲ့တာဝန်ရှိသူ၏ တော်လှန်ရေးအမည်မှာလည်း “နတ်ဆိုး”ပင် ဖြစ်၏။ 

“အဖွဲ့နာမည်ကို ပေးပြီးတော့ ကျနော်က တာဝန်ခံတယောက် တာဝန်ယူထားတော့ အားလုံးကတော့ နတ်ဆိုးတွေပဲ။ ဒါပေမယ့် ကျနော်က တာဝန်ခံတယောက် ဖြစ်တဲ့အတွက် ကျနော့်နာမည်ကို ဗိုလ်နတ်ဆိုးလို့ သုံးနှုန်းလိုက်တယ်” 

နတ်ဆိုး ဆိုလျှင်ပင် စစ်ကောင်စီဘက်က သတိထားတိမ်းရှောင်ကြသည်။ အာရုံစိုက်ကြသည်ဟု ဆိုသည်။ 

မစိုက်လို့လည်း မဖြစ်ပေ။ နတ်ဆိုးတပ်ဖွဲ့သည် တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်မှုအကြိမ် ၄၀ ကျော်၊ ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ကျော်၊ ပြောက်ကျားတိုက်ခိုက်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအရာရှိ ၅ ဦးအပါ စစ်သားနှင့်ရဲ ၁၂၀ လောက်ကို သုတ်သင်ထားနိုင်သည်။

ဆင်နွှဲခဲ့သမျှ စစ်ဆင်ရေးများထဲ၌  ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ ကြိုးတံတားပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကို အားအရဆုံးနှင့် အမှတ်အရဆုံးဖြစ်သည်ဟု ဗိုလ်နတ်ဆိုးက ပြောသည်။

“ဇီးဖြူပင်ကြိုးတံတားမှာ ခွေးတွေ ခြေထောက်တွေပြတ် အလောင်းတွေတင်နေတာကို မျက်မြင်ဆိုတော့ အားရပါးရပဲ။ အဲဒီနေ့ကစပြီး စစ်ခွေးတွေ ဒီကနေ့ထိ ကြိုးတံတားကနေ စစ်ကြောင်းမထိုးရဲတော့တာ၊ သူတို့အကြောက်ရဆုံး နေရာဖြစ်သွားတာ”

ထိုနေ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး၊ ကိုယ်ခန္ခာ ထိမှန်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ထို့ကြောင့် “ကျနော်လှုပ်ရှားနေတဲ့ နယ်မြေမှာ စစ်ကောင်စီက နတ်ဆိုးဆိုရင်ကို  တော်တော်လေး လန့်တယ်၊ ဒီဘက်နယ်မြေမှာ စစ်ကြောင်းထိုးပြီဆိုရင် သူတို့ (စစ်ကောင်စီ) ခေါင်းထဲမှာဘာမှမရှိဘူး။ နတ်ဆိုးပဲ ရှောင်မယ် တိမ်းမယ်၊ နတ်ဆိုးကိုပဲ အာရုံစိုက်ကြတယ်”ဟု ဗိုလ်နတ်ဆိုးက ရှင်းပြသည်။

သူသည် စစ်ကောင်စီအတွက် နတ်ဆိုးတပါးဖြစ်သော်လည်း ပြည်သူတွေအတွက်မူ အင်အားသစ်တွေပေးသည့် စွမ်းအားရှင်လိုပင်။

ထို့ကြောင့် သူစစ်ရေးလှုပ်ရှားနေသည့် နယ်မြေတွင်းရှိ ပြည်သူများက သူ့ကို နာမည်တခု ပေးထားသည်။

 “အားသစ်” 

“ဗိုလ်နတ်ဆိုးဆိုပြီး တာဝန်ခံ နာမည်ယူထားတယ်၊ ဒါပေမယ့် ဒီနယ်မြေမှာတော့ ကျနော့်ကို အများစုချစ်ကြတဲ့ နာမည်က အားသစ် ခေါ်ကြတယ်၊ အားသစ်ဆိုတဲ့ နာမည်ကြားရင်ကို ချစ်လည်းချစ်ကြတယ်၊ အားကိုးအား ထားလည်း ပြုကြတယ်”

ပြည်သူ့အပေါ် ကာကွယ်စောင့်ရှောက်နေသည့်အတွက် ပြည်သူကပေးသည့် သည်းခြေခိုက် နာမည်တခု ဖြစ်သည်။ သူ့အတွက် အဖိုးမဖြတ်နိုင်ပေ။

ဆက်ပြီး ပြည်သူ့မေတ္တာခံယူရင်း ရှေ့ဆက်တိုက်ပွဲဝင်မည်။ လက်နက် ပစ္စည်းပြည်စုံမှုမရှိပေမယ့် စိတ်ဓါတ်ခွန်အားများနှင့် ပြည်သူအပေါ်အကြမ်းဖက်နေသည့် စစ်ကောင်စီကို တိုက်ခိုက်သွားချင်သည်။  

“သူတို့မှာ ပစ္စည်း(လက်နက်ခဲယမ်း) ပြည့်စုံတယ်၊ ကျနော်တို့ ပစ္စည်းမပြည့်စုံဘူး။ ဒါပေမယ့် စိတ်ဓါတ်ခွန်အားတွေ ပြည့်စုံတယ်၊ ဒီကောင်တွေကို ရတဲ့နည်းလမ်းနဲ့ချမယ်၊ ဘယ်လိုနည်းလမ်းနဲ့နေနေ၊ မပြည်စုံတဲ့ ကြားထဲကနေ ဒီကောင်တွေ ကြောက်နေစေရမယ်”ဟု ဗိုလ်နတ်ဆိုးက ပြောသည်။ 

သည်ကား တော်လှန်ကင်ပွန်း ပြောင်းခဲ့ခြင်းများပင် ဖြစ်၏။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10