"ထန်းလျှော်တွေ မီးရှို့ခံရလို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ မိရိုးဖလာတောင်းရက်သူတွေ"

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက နှောကန်ရွာမှာ အိမ်ခြေ ၁၃၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ခန့်နေထိုင်ကြပါတယ်။ နှောကန်ရွာက ဒေသခံတွေဟာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်သလို ထန်းတောင်းရက်လုပ်တာကိုတော့ မိရိုးဖလာလက်မှုပညာတရပ်အနေနဲ့ လက်ဆင့်ကမ်းပညာသင်ကြားပေးပြီး လုပ်ကိုင်စားသောက်နေကြတာပါ။ 

လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းသေးတဲ့အချိန်ကတော့ ထန်းတောင်းရက်လုပ်တာကို တနိုင်တပိုင်သာ လုပ်ကိုင်ခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတဲ့အချိန်မှာ လုပ်ငန်းတွေ ပိုပြီးတွင်ကျယ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်းတွေရက်လုပ်ပြီးတဲ့အခါမှာ အနီးအနားက မြို့တွေ၊ ရွာတွေဆီ ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချကြပြီး  မြိုင်၊ ပခုက္ကူ၊ ပုလဲ၊ ဆိပ်ဖြူနယ်အပါအဝင် ကားလမ်းတွေ ပေါက်လာလို့ ရှမ်းပြည်နယ်ထဲက နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့အထိ တင်ပို့ရောင်းချရတယ်လို့ နယ်လှည့်ရောင်းချသူတဦးက ပြောပါတယ်။

ထန်းတောင်းရက်လုပ်ရာမှာ ကုန်ကြမ်းဖြစ်တဲ့ လျှော်ထန်းလက်တွေကို တနှစ်မှာတခါသာ တပေါင်းလနဲ့ တန်ခူးလတွေမှာ ချိုင်ကြတယ်လို့ ဆိုကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထန်းတောင်းရက်လုပ်ဖို့ သိုလှောင်ထားတဲ့ လျှော်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ကုန်ကြမ်းရှားပါးမှုဒဏ်ကို ခံနေရပြီး တောင်းရက်လုပ်တဲ့သူတွေဟာ ကြုံရာကျပန်းအလုပ်မျိုးတွေ ဝင်လုပ်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှောကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၀၄ လုံး၊ ထန်းတောင်းရက်လုပ်ရာမှာ သုံးတဲ့ဓါးတွေ၊ ခိုင်နွားတွေ သေဆုံးပျက်စီးခဲ့တဲ့အပြင် အဘွားအို ၁ ဦးပါ မီးလောင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီကတည်းက အခုထိ နှောကန်ရွာကဒေသခံအများစုဟာ ရွာကနေ စစ်ရှောင်စခန်းတွေဆီ ထွက်ပြေးတိမ်းရှောင်နေရသလို ကျန်နေခဲ့တဲ့ ထန်းတောင်းရက်လုပ်သူတွေကလည်း သူတို့လုပ်ငန်းတွေ မီးထဲပါကုန်လို့ အလုပ်လက်မဲ့အဖြစ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #နှောကန် #ထန်းတောင်း #ထန်းလျှော် #စစ်ကောင်စီ #မီးရှို့ #အလုပ်လက်မဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10