သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၁၃ ရက် မနေ့က မနက် ၇ နာရီလောက်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထီးချိုင့်မြို့နယ်၊ ထန်းကုန်းရွာနဲ့ ပျဥ်းစုရွာကြားမှာ အပြန်အလှန်ပစ်ခတ်မှု ၃ နာရီနီးပါး ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်လောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဉ် ၁ စီး နဲ့ ပျဥ်းစုရွာနားကို ၂ ကြိမ်တိတိလာရောက် ပစ်ခတ်သွားခဲ့ပါသေးတယ်။
“ထိတွေ့ပစ်ခတ်မှုပြီးမှ လေယာဉ်နဲ့ လာပစ်တာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေတော့ မရှိပါဘူး။ ” လို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ထန်းကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ဒီနေ့ မနက် ၈ နာရီလောက်မှာလည်း ထန်းကုန်းရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ ဒုတိယအကြိမ်ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ပစ်ခတ်မှုကတော့ ဆက်ဖြစ်ဖို့တော့ ရှိသေးတယ်” လို့ သူက ဆိုပါတယ်။
၂ ရက်ဆက်တိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေပေမယ့်လည်း စစ်ကောင်စီဘက်မှ လူအင်အားထပ်မံဖြည့်တင်းတာမျိုးတွေ မရှိသေးသလို စခန်းချထားတဲ့ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ထီးချိုင့်နယ်ထဲမှာ အခုလို ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတဲ့အတွက် ထန်းကုန်းရွာနဲ့ ပျဉ်းစုရွာအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်း နီးစပ်ရာကျေးရွာနဲ့ တောတောင်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၉ ရက်ကလည်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့စခန်းတခုကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းလိုက်ပြီး ကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #စစ်ကောင်စီ #PDF #တိုက်ပွဲ #သတင်း #မြေလတ်သတင်း
Share Share Share