ထီးလင်းက စစ်ရှောင်တွေကို ကျပ်သိန်း ၁၂၀ ကျော်တန်ဖိုးရှိ ဆန်နဲ့ဆေးဝါးတွေထောက်ပံ့

ထီးလင်းက စစ်ရှောင်တွေကို ကျပ်သိန်း ၁၂၀ ကျော်တန်ဖိုးရှိ ဆန်နဲ့ဆေးဝါးတွေထောက်ပံ့

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမြက်နီကျေးရွာက မီးဘေးသင့်စစ်ရှောင်ပြည်သူတွေကို ဧပြီလ ၂၉ ရက်မှာ ဆန်နဲ့ဆေးဝါးတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က ရေမြက်နီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဲ့ဒီရွာက တိမ်းရှောင်နေကြတဲ့ အိမ်ထောင်စု ၂၂၀ ကျော်ကို ကျပ်သိန်း ၁၂၀ ကျော်တန်ဖိုးရှိ ဆန်နဲ့ဆေးဝါးတွေကို ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

"စစ်ရှောင်ရင်း မီးဘေးဒုက္ခရောက်တဲ့ သူတွေကိုကူညီပေးတာပါ။ ပြန်စရာအိမ်မရှိ စားဖို့လည်း ခက်ခဲနေကြတယ်။ အလုပ်လည်းမရှိကြဘူး။ ဆေးဝါးအစုံလည်း ပေးခဲ့ပါတယ်" လို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပအဖတာဝန်ခံ ကိုသန့်ဇင်က ပြောပါတယ်။

ဒီထောက်ပံ့မှုအတွက် ကုန်ကျတဲ့စားရိတ်ကို ဂျပန်နိုင်ငံရောက် ယောသူ/သားအဖွဲ့  ၂ ဖွဲ့ဖြစ်တဲ့ Yaw Funding Japan နဲ့ Association for piece in Myanmar (CCKK) from JAPAN တို့က ပေးပို့ခဲ့တာဖြစ်ပြီး ၁ အိမ်ထောင်ကို ဆန် ၁၆ ပြည်နဲ့ ဆေးဝါးတချို့ တဆင့်ခံ ထောက်ပံ့ခဲ့တယ်လို့ ကိုသန့်ဇင်က ပြောပါတယ်။ 

ဆေးဝါးတွေထဲမှာ အကိုက်အခဲပျောက်ဆေး၊ ဓာတ်ဆားထုပ်၊ သွေးတိုးကျဆေး၊ နှာဆေးချောင်းဆိုး ပျောက်ဆေး စတဲ့ ဆေးဝါးတွေပါဝင်တယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ရေမြက်နီကျေးရွာကို အခုနှစ် ဧပြီလ ၃ ရက်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၂၀ ကျော် မီးလောင်ခဲ့ရပြီး အိမ်ခြေ ၁၈၀ ကျော်သာ ကျန်ရှိတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းကစတင်ကာ ရေမြက်နီကျေးရွာက ဒေသခံ ၂၀၀၀ ကျော် စစ်ရှောင်နေရတာဖြစ်ပြီး တောင်ယာတော၊ လယ်တောနဲ့ ဆွေမျိုးသားချင်းတွေဆီမှာ နေထိုင်ကြသလို စစ်ရှောင်စခန်း ၆ ခုမှာလည်း နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်နဲ့ ရေမြက်နီရဲစခန်းမှာ အထိုင်ချတပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကျေးရွာအတွင်းခြေကုပ်ယူထားကာ မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ကျေးရွာအတွင်း ပြန်မဝင်နိုင်သေးပဲ စစ်ရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #မီးဘေးသင့် #စစ်ရှောင်ပြည်သူ #ရိက္ခာထောက်ပံ့ #ပအဖ #ဂျပန်ရောက်မြန်မာများ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10