ထောင်ကထုတ်လာတဲ့စစ်သားဟောင်း ၁၆၀ ကျော်ကို ဂျိုးဖြူ စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ မွမ်းမံစစ်သင်တန်းပေးနေ

ထောင်ကထုတ်လာတဲ့စစ်သားဟောင်း ၁၆၀ ကျော်ကို ဂျိုးဖြူ စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ မွမ်းမံစစ်သင်တန်းပေးနေ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပဲခူးရိုးအစပ်ရှိ ဂျိုးဖြူရွာအခြေစိုက် အမှတ် ၁ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက ၁)မှာ ထောင်ကပြန်ထုတ်လာတဲ့စစ်သားတွေကို စစ်သင်တန်းပေးတာတွေ လုပ်ဆောင်နေတယ်လို့ အဲ့ဒီတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက စတင်ကာ ထောင်ကျစစ်သားဟောင်း ၁၆၀ ကျော်ကို ပြန်လည်လေ့ကျင့်ပေးနေတာဖြစ်ပြီး ခွင့်မဲ့/စစ်ပြေးမှုနဲ့ ပြစ်ဒဏ်ကျခံရသူတွေများတယ်လို့ ဆိုပါတယ်။

“သင်တန်းကာလဘယ်လောက်လဲတော့ မသိဘူး။ မွမ်းမံပုံစံ စစ်သင်တန်းပြန်ပေးတာလို့ သိရတယ်။ ပထမဆုံးအသုတ်နဲ့ ရောက်လာတာ ၁၆၀ ကျော်တယ် ” လို့ တတက ၁ တပ် နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ထိခိုက်ကျဆုံးများနေတဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းမှာ ခွင့်မဲ့/စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး ရက်ပိုင်းအတွင်းမှာဘဲ နိုင်ငံအနှံ့အကျဉ်းထောင်တွေကနေ ခွင့်မဲ့/စစ်ပြေးမှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေကိုခေါ်ထုတ်ပြီး အင်အားဖြည့်တင်းဖို့ လုပ်ဆောင်ခဲ့တာပါ။

စစ်တပ်နဲ့ကာလကြာကင်းကွာနေတဲ့ ခွင့်မဲ့/စစ်ပြေးစစ်သားဟောင်းတွေကို မွမ်းမံစစ်သင်တန်း ပြန်လည်တက်ခိုင်းတာဟာ အမိန့်နာခံမှုပြန်လည်အား ကောင်းစေရေးလုပ်ဆောင်တာလို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

“သူတို့ သဘောဆန္ဒမပါဘဲ အတင်းခေါ်တာဆိုတော့ စစ်ဆင်ရေးလွှတ်လည်း အခွင့်သာသလို ပြေးမယ်ဆိုတာသိလို့ ချက်ချင်းမလွှတ်ဘဲ မွမ်းမံတက်ခိုင်းပြီး ပုံစံပြန်သွင်းတာပေါ့။ ကာလတိုသင်တန်းပုံစံပဲဖြစ်လိမ့်မယ် သူတို့(စကစ)လည်း အင်အားလိုနေတော့” လို့ ပြောပါတယ်။

တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေဟာ စစ်ကောင်စီတပ်အခြားအဆင့်စစ်သားတွေ ရာထူးတိုးမြင့်ရေးအတွက် ခြေလျင်အကြပ်လောင်း/အကြပ်ငယ်/အကြပ်ကြီး သင်တန်းတွေအပါအဝင် အခြားသင်တန်းတွေ ဖွင့်လှစ်တာဖြစ်ပြီး တတက ၁ ကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် မျိုးမင်းသန်း ဆိုသူဖြစ်တယ်လို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

#မြေလတ်အသံ

#တိုက်ကြီး #တတက ၁ #လေ့ကျင့်ရေးကျောင်း #ထောင်ကျစစ်သား #စစ်သင်တန်းပေး #စစ်ကောင်စီတပ် #တပ်အင်အား #လျော့နည်းမှု #၁၀၂၇

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10