ထောင်ပြောင်းလာတဲ့ နိုင်/ကျဥ်းတွေကို သာယာဝတီထောင်အာဏာပိုင်တွေက ဒဏ်ရာရတဲ့အထိရိုက်နှက်ခဲ့

ထောင်ပြောင်းလာတဲ့ နိုင်/ကျဥ်းတွေကို သာယာဝတီထောင်အာဏာပိုင်တွေက ဒဏ်ရာရတဲ့အထိရိုက်နှက်ခဲ့

အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဥ်းထောင်းကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကို ခံရတာကြောင့် ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သိရပါတယ်။

ပြီးခဲ့ဇူလိုင် ၂၁ ရက်မှာ အင်းစိန်းထောင်ကနိုင်ငံရေးအကျဉ်းသား၄၀ ဦးကျော်ပါဝင်တဲ့ အကျဉ်းသား ၃၀၀ ဦးဟာ သာယာဝတီထောင်ကို ရွှေ့ပြောင်းခံရချိန်မှာ ထောင်ပိုင် ရဲရင့်နိုင်နဲ့ တပ်ကြပ် စိုးမင်းတို့ ဦးဆောင်တဲ့အဖွဲ့ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတာလို့ဆိုပါတယ်။

"ထောင်ပြောင်းရောက်လာတဲ့အချိန်မှာ နှစ်ယောက်တတွဲခြေကျင်းတွေနဲ့ပေါ့။ ဝင်လာဆိုတာနဲ့ အကြောင်းပြချက် ထွေထွေထူးထူး မပေးဘူး။ အဲမှာရှိတဲ့ တပ်ကြပ်စိုးမင်းဆိုတဲ့သူ ဦးဆောင်တယ်။ တခြားထောင် ဝန်ထမ်းတွေလည်းပါတယ်။ ထောင်ထဲ မဝင်ခင်မှာ တကြိမ်ရိုက်တယ်။ ထောင်ဗူးဝမှာ ထပ်ပြီးတော့ ရိုက်နှက်ခံရတယ်" လို့ PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေဟာ ရောက်တဲ့နေရာတိုင်းမှာ ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှု၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်ပြီး ထောင်တွင်းသပိတ်လှုပ်ရှားမှုတွေကို ပြုလုပ်နေကြသူတွေဖြစ်တဲ့အတွက် ထောင်အာဏာပိုင်တွေက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဦးချိုး(အကြောက်တရားသွင်း)တဲ့အနေနဲ့ ရိုက်နှက်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ထဲမှ ၁၀ ဦး ကျော်ကို ပြောင်းရွှေ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၂၀ ရက် ဒီကနေ့အထိ ခြေကျင်းဒေါက်ခတ်ကာ တိုက်ပိတ်ထားထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကစတင်ပြီး ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား တွေဆီကနေ ပုံစံကြေးအဖြစ် တဦးကို ငွေကျပ် ၁ သိန်းစီပေးရန် အတင်း အဓမ္မတောင်းခံနေတယ်လို့သိရ ပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#သာယာဝတီ #အကျဥ်းထောင်း #နိုင်ငံရေးအကျဥ်းသား #ထောင်အာဏာပိုင် #PPNM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10