ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေဆီက ပုံစံကြေးဆိုပြီး ငွေကျပ် ၁ သိန်းစီ အဓမ္မတောင်းခံနေ

ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေဆီက ပုံစံကြေးဆိုပြီး ငွေကျပ် ၁ သိန်းစီ အဓမ္မတောင်းခံနေ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေဆီကနေ ပုံစံကြေးအဖြစ် တဦးလျှင် ငွေကျပ် ၁ သိန်းစီပေးရန် အတင်းအဓမ္မတောင်းခံနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။

ပုံစံကြေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၁၆ ရက်အထိ အကျဥ်းထောင်ရှိ အဆောင်(၁)မှ အကျဥ်းသားဦးရေ ၂၀၀ ခန့်ဆီကနေ အဆောင်မှူး သီဟအောင်ဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့က တောင်းခံနေတာလို့ ဆိုပါတယ်။

"ပုံစံကြေးဆိုတာ အသုံးအဆောင်ပစ္စည်းတွေအတွက် မဟုတ်ဘူး။ ထောင်အရာရှိနဲ့တွေ့ရင် နေထိုင်ရမယ့်ပုံစံ၊ မတ်တတ်ရပ်ရင် ဘယ်လိုနေရမယ်၊ အရေးပေါ်အခြေအနေမှာဘယ်လို ပြုမူကျင့်ကြံရမယ်။ ဒါတွေကိုသင်ကြားပေးတဲ့ နေရာပေါ့။ အဲ့ဒီလိုသင်ကြားပေးတဲ့အခါ ရိုက်နှက်နှိပ်စက်တာတွေကို မခံရဖို့အတွက်ဆိုရင် ငွေ ၁ သိန်းပေးရမယ်ဆိုပြီး စီးပွားရှာနေတာပေါ့" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပုံစံကြေးမပေးတဲ့ နိုင်/ကျဥ်းတွေကိုတော့ ထောင်အာဏာပိုင်တွေက ခြေထောက်နဲ့ကန်တာ၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တဲ့ ညှဥ်းပမ်းနှိပ်စက်မှုတွေကို ပြုလုပ်ရုံသာမက ညစ်ညမ်းစွာဆဲဆိုတာတွေကို ပြုလုပ်ကြတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"နိုင်/ကျဥ်းတွေရဲ့မိသားစုဝင်တွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကို စော်ကားတဲ့ စကားတွေပေါ့နော်။ ပြောဆိုပြီးမှ စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပမ်းနေကြတာ"လို့ သူက ဆက်ပြောပါတယ်။

ငွေတောင်းခံနေရသူတွေဟာ ဒိုက်ဦးထောင်ကို ဇွန်၊ ဇူလိုင်လတွေမှာ ပြောင်းရွှေ့ခံထားရတဲ့ နိုင်/ကျဥ်းအသစ်တွေဖြစ်ပြီး ထောင်အာဏာပိုင်တွေက သူတို့ကိုဦးတည်ပြီးမှ ငွေတောင်းပြီး စီးပွားရှာနေကြတာလို့လည်း ဆိုပါတယ်။ 

ပုံစံကြေးဆိုတာ ထောင်တွေမှာလုံးဝမရှိတဲ့စနစ်တခုဖြစ်တာကို ထောင်အာဏာပိုင်တွေအနေနဲ့ ပုံစံကြေးတောင်းနေတာဟာ နိုင်/ကျဥ်းတွေကို ဖိနှိပ်ရုံသာမက အပြင်ပမှာ အထွေထွေအကျပ်အတည်းဖြစ်နေတဲ့ ပြည်သူတွေအပေါ်မှာပါ လည်ပင်းညှစ်ပြီး ဂုတ်သွေးစုပ်နေတာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

ဒါ့အပြင် ဒိုက်ဦးအကျဉ်းထောင်ရဲ့ ထောင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လကစတင်ပြီး ပါဆယ် ပို့‌ဆောင်ရာမှာ ပေးပို့ရမယ့်ပစ္စည်းအ‌ရေ‌‌အတွက်ကို ကန့်သတ်တာ၊ ဘာသာစကားလေ့လာသင်ယူခွင့်ကို ကန့်သတ်တာ၊ မိသားစုဝင်တွေရေးပို့လိုက်တဲ့ တရားဝင်စာတွေကို ပြန်သိမ်းတာ၊ ဆေးဝါးတွေပို့ခွင့်မရတာ၊ အိမ်‌နေအဝတ်အစားတွေကို မိသားစုပါဆယ်လာပို့ချိန်မှာ ထောင်ပြင်ပကို ပြန်ပို့ခိုင်းတာ စတာတွေကို ဖိနှိပ်မှုတရပ်အဖြစ် လုပ်နေသေးတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်ဆီက  သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #နိုင်ကျဥ်း #အဓမ္မငွေတောင်း #ထောင်အာဏာပိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10