ဒိုက်ဦးထောင် နိုင်/ကျဥ်းအမျိုးသမီး ၇ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ

ဒိုက်ဦးထောင် နိုင်/ကျဥ်းအမျိုးသမီး ၇ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ ၇ ဦး ရိုက်နှက်ခံခဲ့ရပြီး အားလုံး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က သိရပါတယ်။

ကျိုက်မရောထောင်ကပြောင်းရွေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူ ၁ ဦးကို မိသားစုဧည့်တွေ့ချိန်ပါလာတဲ့ ပစ္စည်းထဲမှာ တရားမဝင်ပစ္စည်း သယ်ဆောင်လာခဲ့တယ်ဆိုပြီးစွပ်စွဲကာ အခန်းထဲက လာရောက်ခေါ်ထုတ်ချိန် ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။ 

အမျိုးသမီးဝန်ထမ်း နှစ်ပွင့်အရာရှိ စန်းနွယ်ဦး ဦးဆောင်တဲ့အဖွဲ့နဲ့  ဝန်ထမ်း ၅၀ ကျော်ဟာ သြဂုတ် ၁၉ ရက် နေ့လယ် ၃ နာရီကျော်မှာ  အကျဥ်းခန်းထဲက လာရောက်ခေါ်ထုတ်ချိန် ရိုက်နှက်ခဲ့တာလို့ ပြောပါတယ်။

"လာခေါ်ထုတ်တဲ့အခါမှာ ကောင်းမွန်စွာနဲ့အကြောင်းပြချက်ခိုင်လုံအောင်မပြောတဲ့အတွက် မလိုက်ဘူးပေါ့။ မလိုက်တဲ့ဟာကို သူတို့ဇွတ်ဆွဲခေါ်တဲ့အခါမှာ မလိုက်ဘဲနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီအမျိုးသမီး (စန်းနွယ်ဦး)က ဦးဆောင်ပြီးမှ ရိုက်တာ၊ ကန်ကျောက်တာတွေလုပ်တာ" လို့ PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ရိုက်နှက်ခံရသူတွေမှာ အသက် ၂၀ ကျော်ကနေ ၅၀ ကျော်အရွယ်ရှိ ကျိုက်မရောထောင်ပြောင်း ၃ ဦး၊ ဒိုက်ဦးထောင်မှ ၂ ဦး၊ အင်းစိန်ထောင်ပြောင်း ၂ ဦးတို့ ဖြစ်ကြပြီး ဦးခေါင်း၊ ရင်ဘတ်၊ ဗိုက်နဲ့ လိင်အင်္ဂါအနီး တဝိုက်တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

အထက်ပါအကျဉ်းသူတွေကို စန်းနွယ်ဦးအပါအဝင် နောက်ထပ် တပွင့်အရာရှိအမျိုးသမီးတဦးနဲ့ အခြားဝန်ထမ်းအမျိုးသားတွေကပါ ရိုက်နှက်ခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ နိုင်ငံရေးအကျဥ်းသူ ၇ ဦးစလုံးမှာ သြဂုတ်လ ၂ဝ ရက် ဒီနေ့အထိ ဆေးကုသမှု တစုံတရာမခံယူရသလို အကျဥ်းခန်းထဲကနေအပြင်ကိုလည်းမထွက်ရဘူးလို့ သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင် ၂၁ ရက်မှာလည်း အင်းစိန်ထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာကြောင့် ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #အကျဥ်းသူ #ရိုက်နှက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10