ဒိုက်ဦးမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရလို့ သေဆုံး

ဒိုက်ဦးမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ အမှတ် ၂ ကုန်သည်ရပ်ကွက်၊ ဘူတာလမ်းမှာ ဆိုင်ကယ်နဲ့လာတဲ့အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန် ၂၄ ရက် မနက် ၁၀ နာရီကျော်ခန့်မှာ ဘူတာဘက်ကနေ ရပ်ကွက်အုပ်ချုပ်ရေးရုံးဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ အမှတ် ၂ ကုန်သည်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် အသက် ၅၄ နှစ်ကို သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"သူ့ကိုစောင့်ကြည့်နေတာဖြစ်မယ်။ သူလာမယ်မှန်းသိလို့ မျက်နှာချင်းဆိုင် ဆိုင်ကယ်နဲ့ မောင်းလာပြီး ပစ်သွားတာ။ နေရာမှာပဲ လဲကျသွားတယ်။ သူက ဘူတာဘက်က ရထားလမ်းကင်းကို စစ်ပြီးပြန်လာတာလို့ သိရတယ်။ "လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ရဲ့ လည်ပင်း၊ ရင်ဘတ်၊ ဦးခေါင်းတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီအဖွဲ့ဝင်တွေရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးတာတွေပြုလုပ်ကာ အလောင်းကို ဒိုက်ဦးဆေးရုံကို သယ်သွားကြပါတယ်။

ဇွန် ၂၁ ရက်ကလည်း ဒိုက်ဦးမြို့နယ်၊ သံတံတားကျေးရွာ ဒိုက်ဦး-သံတံတားကျေးရွာသွားလမ်းပေါ်ရှိ လူထုမေတ္တာ ကွန်ကရစ်တံတားအနီးမှာ ကင်းပတ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့မိုင်းဆွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦး #ကုန်သည်ရပ်ကွက် #ဘူတာလမ်း #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10