ဒီပဲယင်းမြို့နယ်မှာ စစ်ဆေးရေးဂိတ်ပိတ်သိမ်းခံရလို့ဆိုကာ PDF ကို ကျေးရွာခံတချို့ဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပိတ်သိမ်းခဲ့တာကြောင့် ကျေးရွာခံတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ 

ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုလူအေးဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကားသုံးစီးနဲ့ ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းမှာ ဖုတ္ထန်းတောကျေးရွာရှိ ကျေးရွာပကဖကင်းဂိတ်ကို ရောက်ရှိလာပြီး အဆောက်အဦနဲ့ဘန်ကာတွေကို ဖျက်ဆီးပြီး ဂိတ်ကို ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ကျေးရွာပကဖစစ်ဆေးရေးဂိတ် ပိတ်သိမ်းတာကို မကျေနပ်တဲ့အတွက် ရွာခံပြည်သူ ၁၀၀ ဝန်းကျင်ခန့်က ဩဂုတ် ၈ ရက် မနေ့က ဆန္ဒပြခဲ့ပြီး ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုလူအေးကို အရေးယူပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။

“တာဝန်ကျနေတဲ့ ရဲဘော်တွေရဲ့ i-con တွေ၊ လက်နက်များကို သိမ်းဆည်းတယ်။ အဆောက်အဦနဲ့ ဘန်ကာကို ဖျက်တယ်ပေါ့။ အဲဒီအပေါ်ကို မကျေနပ်လို့ ပြကြတာပါ " လို့ သူက ဆက်ပြောပါတယ်။ 

ပိတ်သိမ်းခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ  ဒီပဲယင်းနဲ့ အရာတော်နယ်စပ် ခရိုင်ချင်းဆက် လမ်းပေါ်မှာရှိနေတဲ့ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တခုဖြစ်တယ်လို့ သိရပါတယ်။

"ရွှေဘိုရင်း ၁၂ က ဂိတ်ကိုလာဖျက်တဲ့ ဖြစ်စဥ်ဖြစ်ဖြစ်ချင်းတော့ ကျနော်မရှိဘူး။ ရဲဘော်တယောက်ဖုန်းဆက်လို့ ဂိတ်ကိုအားချင်းသွားတယ်။ ဟိုရောက်တော့ ကိုယ့်ဆီက သေနတ်ပါသိမ်းတယ်။ " လို့ အဲဒီစစ်ဆေးရေးဂိတ် တာဝန်ခံ မတထောင်တကောင်ဖွား က မြေလတ်အသံကိုပြောပါတယ်။

ဖုတ္ထန်းတောကျေးရွာရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်ဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ဟန့်တားပိတ်ဆို့တဲ့ ဂိတ်ဖြစ်သလို ပြည်သူအပေါ်  မိုက်ရိုင်းစော်ကားတာ၊ မဟုတ်မမှန်တာမျိုး မလုပ်ခဲ့ဖူးဘူးလို့ သူက ပြောပါတယ်။

အခုလို အလုပ်ခံရတဲ့အပေါ်  “တော်လှန်ရေးသမားအချင်းချင်း သွေးခွဲမယ့်အရာတွေကိုတော့ မပြောလိုဘူး” လို့ သူက ဆက်ပြောပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၂ တပ်ရင်းက စစ်ဆေးရေးဂိတ်ကို ပိတ်သိမ်းပြီးတဲ့နောက် ဂိတ်မှာတာဝန်ကျနေတဲ့ ရဲဘော်တွေထံက သိမ်းဆည်းခဲ့တဲ့ သေနတ်တွေအားလုံးကို ပြန်ပေးခဲ့တယ်လို့ ဖုတ္ထန်းတောကျေးရွာပကဖနဲ့ ရွာခံတွေက ဆိုပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုလူအေးထံ မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ခရိုင်ကွက်ကဲရေးရုံးက ညွှန်ကြားလာတဲ့အတွက် ဒေသအတွင်း၌ ခရီးသွားပြည်သူတွေနဲ့ ကုန်တင်မော်တော်ယာဉ်တွေထံက ငွေကြေးကောက်ခံနေတဲ့ စစ်ဆေးရေးဂိတ်တွေ လိုက်လံပိတ်သိမ်းနေတာဖြစ်ပြီး အခုအချိန်ထိ စစ်ဆေးရေးဂိတ် ၄ ဂိတ်အထိ ပိတ်သိမ်းထားပြီးဖြစ်တယ်လို့ ကိုလူအေးက ဆိုပါတယ်။ 

"တရားမဝင် ဖွင့်ထားတာရယ်၊ ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေ ငွေကြေးကောက်ခံတာရှိတယ်။ အဲ့ဒါကို တားဆီးပေးဖို့ ညွှန့်ကြားလို့ သွားပြီးတားဆီးတာပါ။ ဆန္ဒပြတာကတော့ မဆိုင်ဘူး။ ညွှန့်ကြားချက်နဲ့ ကျနော်တို့က လုပ်တာ” လို့ သူက ရှင်းပြပါတယ်။ 

လက်ရှိအချိန်မှာ ပိတ်သိမ်းခဲ့တဲ့စစ်ဆေးရေးဂိတ်တွေရဲ့ ငွေကြေးကောက်ခံထားတဲ့ ပြေစာမှတ်တမ်းတွေကို သိမ်းဆည်းထားကြောင်း၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဂိတ်တွေ မဖွင့်ရန်၊ ဂိတ်တွေဖွင့်ပါကလည်း ခရိုင်ကွက်ကဲရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ရမှာဖြစ်ကာ လုံခြုံရေး၊ စစ်ဆေးရေးအတွက်သာဖြစ်ပြီး ပိုက်ဆံမကောက်ခံရဘူးလို့ MOD၊ NUG က ညွှန်ကြားထားတယ်လို့ ကိုလူအေးက ပြောပါတယ်။ 

ဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့ ဖုတ္ထန်းတောကျေးရွာဂိတ်အပြင် အခြာဂိတ်သုံးခုကိုလည်း ရွှေဘိုခရိုင် အမှတ် ၁၂ တပ်ရင်းက သြဂုတ် ၇ ရက်မှာ တပြိုင်တည်း သုံးဖွဲ့ခွဲကာ တားဆီးပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုလူအေးက ပြောပါတယ်။ 

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့ #ဖုတ္ထန်းတောကျေးရွာ #စစ်ဆေးရေးဂိတ် #ရွှေဘိုခရိုင် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10