ဒီပဲယင်းမြို့ပေါ်စခန်းကို PDF တွေတက်သိမ်းမယ်လို့သတင်းထွက်ပြီးနောက် စစ်တပ်ကမြို့အနီးကို လေကြောင်းနဲ့တိုက်ခိုက်

ဒီပဲယင်းမြို့ပေါ်စခန်းကို PDF တွေတက်သိမ်းမယ်လို့သတင်းထွက်ပြီးနောက် စစ်တပ်ကမြို့အနီးကို လေကြောင်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေအနီးကို ဧပြီ ၁၇ ရက်ည ၈ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

တံတားဦးလေတပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ ဒီပဲယင်းမြို့နယ်အနောက်ဘက် ၁ မိုင်အကွာက ကွက်သစ်၊ မဲသည်နဲ့ အင်းတန်းရွာ ၃ ရွာအကြားကို ၁၀ မိနစ်နီးပါး ပစ်ခတ်ခဲ့တာပါ။ 

ဒီပဲယင်းမြို့ပေါ်ကစစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တက်သိမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက်မှာ စစ်ကောင်စီဘက်က ခုလိုလေကြောင်းသုံးတိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“သူတို့(စစ်ကောင်စီ) ဆိုက်ဝါးမိသွားတာနေမှာ။ ဒီပဲယင်းကို တက်သိမ်းမယ်ဆိုတဲ့ သတင်းတုကိုကြားတာ။ အမှန်တော့မဟုတ်ဘူး။ နောက်ပြီးမနေ့ညကလည်း ငါးရှဉ့်သွားရှာတဲ့ရွာသားတွေက မီးတွေထွန်းပြီးရှာတော့ အဲ့ဒါကို ကာကွယ်ရေးအဖွဲ့တွေလာတယ်လို့ထင်ပြီး လိုက်ပစ်တာ” လို့ ဒီပဲယင်းအနောက်ခြမ်းမှာနေထိုင်သူတဦးက ပြောပါတယ်။

လေယာဥ်ပေါ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေက ရွာပြင်ဘက်ကိုသာ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးတာမျိုးတွေတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။

ပစ်ခတ်ပြီးနောက် ညတွင်းချင်းမှာပဲ အင်းတန်းရွာကဒေသခံတွေကို ရွာထဲကနေ ရှောင်တိမ်းခဲ့ပြီး လက်ရှိမှာတော့ ရွာထဲကိုပြန်ဝင်နေကြပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့လည်း ဒီမနက် သူတို့ပစ်ချထားတဲ့ လက်နက်ကြီး အပိုင်းအစတွေ လိုက်ကောက်တာ။ လူသယ်လို့မရလို့ ထော်လာဂျီနဲ့ သယ်လာရတယ်။ တချို့နေရာမှာလည်း မကွဲသေးတဲ့ ဗုံးသီးတွေတော့ရှိဦးမယ်။ ကျနော်တို့လည်း လိုက်ရှာနေတုန်း” အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရေဦးနယ်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီပဲယင်းမြို့အနီးကို စစ်ကြောင်းထိုးလာတဲ့အတွက် အင်းတန်းရွာ၊ တောကျောင်း၊ ငြိမ်းချမ်းရွာသစ်၊ ဝပါရွာ၊ မှန်သာရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10