ဒုတပ်ကြပ် ၁ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး ဘက်ပြောင်းခိုလှုံ

ဒုတပ်ကြပ် ၁ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး ဘက်ပြောင်းခိုလှုံ

စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က ဒုတပ်ကြပ် ၁ ဦးနဲ့ ပုလဲမြို့က စစ်ကောင်စီတပ်သား ၂ ဦးတို့ ဘက်ပြောင်းခိုလှုံလာတယ်လို့ မတ် ၁၂ ရက်ဒီနေ့မှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကထုတ် ပြန်ပါတယ်။

ဒုတပ်ကြပ် လှမင်းဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ MA1သေနတ် ၁ လက်နဲ့အတူ တပ်ဖွဲ့ဆီဝင်‌ရောက်လာတာဖြစ်ပြီး ပုလဲမြို့၊ ထွေအုပ်ရုံးမှာ တာဝန်ကျနေတဲ့ တပ်သား ဝေအောင်နဲ့ တပ်သား မျိုးကျော်တို့ကတော့ MA1 သေနတ်  ၁လက်နဲ့အတူ မတ်လ ၆ ရက်မှာဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။ 

"အလင်းဝင်လာတဲ့ ၃ ဦးက သူတို့နဲ့ဆက်စပ်တဲ့ အနေအထားတခုကနေမှ စကစယန္တရားထဲမှာ သူတို့ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် ဆန္ဒမရှိတော့တဲ့အတွက်ကြောင့်မလို့  ပြည်သူ့ရင်ခွင်ကို ကျနော်တို့ဖက်ကတာဝန်ရှိသူတွေနဲ့ ဆင့်ကဲဆင့်ကဲချိတ်ဆက်ပြီးခါမှ ပူးပေါင်းလာခဲ့တာဖြစ်ပါတယ်။"လို့ BNRAမှ ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦးထဲမှ ပုလဲမြို့က ၂ ဦးမှာ အဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း စစ်သားတွေ ဖြစ်ကြပါတယ်။

လက်နက်ပါလာတဲ့ ဒုတပ်ကြပ် လှမင်း နဲ့ တပ်သား မျိုးကျော်တို့ ၂ ဦးကို ငွေကျပ်သိန်း ၂၀ စီ ဆုချီးမြှင့်ကာ သွားလိုတဲ့ဘေးကင်းရာနေရာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက် အထိ ၁ လတာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံကို စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနဲ့ ရဲ ၆၄ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ မတ် ၄ ရက်မှာအမျိုးသားညီ ညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ စစ်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း စစ်ကောင်စီတပ်သား ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး ၊ စုစုပေါင်း ၅၆၇ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒုတပ်ကြပ် #တပ်သား #ဘက်ပြောင်းခိုလှုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10