ဒေသခံ ၃ ဦးကိုသတ်ခဲ့တဲ့ ကန့်ဘလူနယ်က စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ

ဒေသခံ ၃ ဦးကိုသတ်ခဲ့တဲ့ ကန့်ဘလူနယ်က စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၂၇ ရက် ဒီကနေ့မနက် ၁၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၁၀ ခုကျော်ရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ဒေသခံကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

ခမရ-၃၆၁ တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို ချပ်ကြီးရွာ တပ်စခန်းကနေ ကျွန်းလှမြို့ကိုသွားချိန် ပင့်သာကျေးရွာအနီးမှာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့ဘက်က အလောင်းကတော့ သုံးလောင်းတွေ့တယ်။ လက်နက်ကတော့ တပ်ရင်းကသိမ်းသွားတာဆိုတော့ ၁၀ လက်ကျော် ခန့်မှန်းရတယ်။ ဆိုင်ကယ်ငါးစီးနဲ့သယ်သွားတာ။ ကျနော်တို့နဲ့ တဖက်စီဖြစ်နေတာဆိုတော့ မသိလိုက်ဘူး။ ကျနော်တို့က နောက်မှရှင်းလင်းရေးပြန်ဝင်ရတာ။ အလောင်းတွေကတော့ ဒီအတိုင်း လယ်ထဲမှာပက်လက်ပဲ"လို့ တိုက်ပွဲနေရာကိုရှင်းလင်းရေးဝင်လုပ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းကို မိုင်းပွိုင့် နေရာ ၃ ခုနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ အထမ်းစင် ၂၀ ကျော်နဲ့ ကျွန်းလှမြို့အနီးက စစ်ကောင်စီတပ်စခန်းရှိတဲ့ ကန်ဘောက်ကျေးရွာကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီအထိုင်တပ်ရှိတဲ့ ပေကုန်းကျေးရွာကနေ ဟောင်ဝှစ်ဇာလက်နက်ကြီး ၂ လုံး ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်ဘက်က ထိခိုက်မှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။

အခု တိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ သြဂုတ် ၂၅ ရက်မှာ ဦးကင်းကြည်ကျေးရွာကို မီးရှို့ပြီး ရွာခံရွာသား အသက် ၃၀ အရွယ်ရှိကြတဲ့ ကိုနိုင်မင်း၊ ကိုလှိုင်မင်းနဲ့ ကိုဇင်ကိုဦးတို့ကို သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10