ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာခံရတဲ့ ဒေသခံနဲ့အချုပ်သား ၅၀ ခန့် ပြန်မလွတ်သေး

ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာခံရတဲ့ ဒေသခံနဲ့အချုပ်သား ၅၀ ခန့် ပြန်မလွတ်သေး

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေနဲ့ မြေပြင်စစ်ကြောင်းတပ်ဖွဲ့တွေက ဓါးစာခံအများအပြားဖမ်းကာ ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဲဒီစစ်သင်္ဘောတွေဟာ ဩဂုတ်လ ၇ ရက်နေ့ကတည်းက ရွေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး ဓါးစာခံဖမ်းဆီးထားတဲ့ ဒေသခံနဲ့ အချုပ်သား စုစုပေါင်း ၅၀ ခန့် ရှိနေပြီလို့ ဆိုပါတယ်။

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်ကတည်းက ထီးချိုင့်မြို့အချုပ်ကနေ အချုပ်သား ၂၀ ခန့်ကို ဖမ်းဆီးတင်ဆောင်လာခဲ့သလို စစ်သင်္ဘောတွေကို လုံခြုံရေးယူဖို့ လာတဲ့ မြေပြင်စစ်ကြောင်းတွေကလည်း ထီးချိုင့်မြို့ကမ်းနားကျေးရွာတွေဖြစ်တဲ့ ကလုန်ရွာက ဒေသခံ ၁၅ ဦး၊ နတ်အင်းရွာကဒေသခံ ၁၇ ဦးတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေက ရွှေကူဆိပ်ကမ်းမှာ ရပ်နားထားစဉ် အနီးနားကမ်းနားတွေက ရွာတွေထဲဝင်ကာ ဆိုင်တွေ မွှေနှောက်သလို ဒေသခံအမျိုးသားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"ဆင်တပ်ရွာကို သင်္ဘောတွေပေါ်ကနေဆင်းလာပြီး စျေးဆိုင်တွေကပစ္စည်းတွေသယ်တယ်။ မိတဲ့ဒေသခံအမျိုးသားတွေလည်းခေါ်သွားတယ်။ ယောကျာ်းလေးဆို မိသမျှအကုန်ခေါ်တာ" လို့ဒေသခံတဦးက ပြောပါတယ်။

ယနေ့ဩဂုတ်လ ၁၁ ရက်မနက်မှာတော့ ဗန်းမော်မြို့ကို ဆန်တက်မယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ဗန်းမော်မြို့ပေါ်က ဈေးဆိုင်ခန်းတွေပိတ်ထားကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

"ဗန်းမော်မြို့ပေါ်မှာ ဒီနေ့ကတည်းက ဆိုင်ခန်းတွေပိတ်ထားကြတယ်။ စစ်သင်္ဘောတွေကလက်နက်ကြီးနဲ့ ရမ်းပစ်မှာစိုးရိမ်ကြလို့ ဒေသခံတွေတောင် အပြင်သိပ်မထွက်ကြဘူး " လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်ကလည်း ထီးချိုင့်မြို့နယ်ကိုဖြတ်ပြီး စစ်သင်္ဘောတွေဆန်တက်ချိန်မှာ စင်္ကြာကျွန်းနဲ့ကန်းနီဝဲကြီးကျွန်းအနီးမှာ ထီးချိုင့်မြို့နယ်တပ်ရင်း(၃)နဲ့ ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့စောင့်ကြိုပစ်ခတ်တာတွေကြောင့် စစ်သင်္ဘောတစီး စက်ခန်းဘက်နေမီးခိုးတွေထွက်လာပြီး ကျန်တဲ့စစ်သင်္ဘောတွေက တွဲခေါ်သွားတယ်လို့ ကျေးရွာပကဖတာဝန်ခံတဦးက ပြောပါတယ်။

သြဂုတ်လ ၆ ရက်မှာတေ့ာ ထီးချိုင့်မြို့အနောက်တောင်ရိုးပေါ်ကနေ အလောင်း ၅ လောင်းကိုပြန်တွေ့ခဲ့ရပြီး သတ်ဖြတ်ခံထားရသူတွေဟာ ကလုန်နဲ့နတ်အင်းရွာဒေသခံတွေဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ နှစ် ဝန်းကျင်အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

"ရွှေကူဆိပ်ကမ်းမှာ သင်္ဘောတွေရှိနေတယ်။ ဗန်းမော်ဆန်မယ်လို့ သတင်းရတယ်၊ ထီးချိုင့်ကဒေသခံတွေရော အချုပ်သားတွေရော ပြန်မလွတ်သေးဘူး။ တယောက်ပဲ ရောဂါရှိလို့ပြန်လွတ်လာတာ"လို့ ကျေးရွာပကဖတာဝန်ခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ထောက်ပို့စစ်သင်္ဘောတွေဟာ ဇူလိုင်လ ၂၆ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကနေ ဗန်းမော်မြို့ဘက်ကိုဆန်တက်ခဲ့ပြီး လမ်းတလျှောက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မန္တလေး #ဗန်းမော် #စစ်သင်္ဘော #ရွှေကူ #ထီးချိုင့် #ရေကြောင်း #အချုပ်သား #ဓါးစားခံ #ဒေသခံ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10