နတ်မောက်က နေအိမ် ၁၁ လုံးကို စစ်တပ်ကမီးရှို့

နတ်မောက်က နေအိမ် ၁၁ လုံးကို စစ်တပ်ကမီးရှို့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာထဲ ဝင်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံးပျက်စီးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက်မနက် ၉ နာရီကျော်မှာ ဖက်တောရေကျေးရွာထဲမှာရောက်နေတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"ရွာအရှေ့ပိုင်းက နေအိမ်တွေကို မီးရှို့သွားတာ။ မီးရှို့ခံရတဲ့ အချို့နေအိမ်တွေက လူရှိနေတယ်။ သူတို့မီးရှို့တော့ ရွာကလက်ကျန်လူတွေလည်း ထွက်ပြေးရတယ်။"လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နေအိမ်တွေကိုမီးရှို့ပြီးနောက် နိုဝင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ ကန်သာကျေးရွာဘက်ကို ဆက်ထွက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ နတ်မောက်မြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကြောင်းထဲက အချို့တဝက်ဖြစ်ပြီး ဖက်တောရေကျေးရွာထဲကို နိုဝင်ဘာ ၂၈ ရက် ညပိုင်းကတည်းက ရောက်ရှိနေတာလို့ သိရပါတယ်။ 

စစ်ကြောင်းနဲ့အတူပါလာတဲ့ နောက်ထပ်စစ်ကောင်စီအင်အား ၄၀ ခန့်ကတော့ ကန်သာကျေးရွာထဲမှာ ဒီမနက်ပိုင်းအထိ တပ်စွဲနေထိုင်နေပြီး ဖက်တောရေကျေးရွာနဲ့ ကန်သာကျေးရွာကဒေသခံ ၁,၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

ဖက်တောရေကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၂ ခုနှစ်လောက်တုန်းက စစ်ကောင်စီစစ်ကြောင်းဝင်မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ဖက်တောရေ #စစ်ကောင်စီ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10