နတ်မောက်ဂဠုန်အဖွဲ့အတွက်သယ်လာတဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံရ

နတ်မောက်ဂဠုန်အဖွဲ့အတွက်သယ်လာတဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ခွက်ကျေးရွာအနီး မိတ္တီလာ-နတ်မောက်လမ်းပေါ်မှာ နတ်မောက်ဂဠုန်အဖွဲ့အတွက် သယ်ဆောင်လာတဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းမှာ တပ်ဖွဲ့အတွက်လိုအပ်တဲ့ ကျည်ဆန်၊ ဒီတိုနေတာ(မိုင်းဆက်စပ်ပစ္စည်း) အပါအဝင် ယမ်းပျော့နဲ့အခြားပစ္စည်းတွေကို ဆိုင်ကယ်နဲ့သယ်ဆောင်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။

"ကျနော်တို့ပစ္စည်းတွေ ဟုတ်ပါတယ်။ လမ်းမှာဆိုင်ကယ်နဲ့ ကျနော်တို့ဆီလာပို့ရင်း လမ်းမှာအဖမ်းခံရတာ။ ကင်းပုန်းစောင့်ရင်း မိသွားတာ။ သတင်းကို အတိအကျရပြီး ထောက်ပြီးတော့ ဝိုင်းပစ်ဖမ်းတဲ့သဘောပါ။ "လို့ နတ်မောက်ဂဠုန်  PDF အဖွဲ့တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

စစ်ကောင်စီဘက်က အတွင်းသတင်းရပြီး ခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်လို့ နောက်နောင် ဒီလိုဖမ်းဆီးခံရတာမျိုးမရှိအောင် သတိထားလုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ဖမ်းဆီးချိန်မှာ ဆိုင်ကယ်မောင်းလာတဲ့ရဲဘော်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဆိုင်ကယ်၊ TNT ယမ်းပျော့ ၅ ဖာ၊  AK 47 ကျည် ၃၀၀၀ ကျော်၊ မိုင်းပြုလုပ်ရာမှာအသုံးပြုရတဲ့ ကပ်သီး၊ ဒီတိုနေတာတွေကို စစ်ကောင်စီဘက်က ယူသွားတယ်လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။ 

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကထုတ်ပြန်ထားတဲ့ ပုံတွေဟာလည်း နတ်မောက်ဂဠုန် အဖွဲ့က ပစ္စည်းတွေမှန်ကန်ကြောင်း ဗိုလ်အောင်ဒင်က အတည်ပြုထားပါတယ်။ 

စက်တင်ဘာ ၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ ရွှေကွေ့ကျေးရွာအနီးမှာ နတ်မောက်ဂဠုန်တပ်ဖွဲ့အတွက် သယ်ဆောင်လာတဲ့ လက်နက် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ စစ်ကောင်စီအဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ခဲယမ်းပစ္စည်း #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10