နတ်မောက်မှာ တရားသူကြီး ၁ ဦး အသတ်ခံရ

နတ်မောက်မှာ တရားသူကြီး ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ကမ်းပြိုရွာသစ်မှာ နေထိုင်တဲ့ တရားသူကြီး ၁ ဦးကို ဖေဖော်ဝါရီ ၁၃ ရက် ဒီမနက် ၁၀ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ ၁၊ တပ်ရင်း ၉၀၃ (ဂဠုန်တပ်နတ်မောက်) အဖွဲ့ဆီက သိရပါတယ်။ 

ကမ်းပြိုကျေးရွာနေ အသက် ၃၂ နှစ်ဝန်းကျင်အရွယ် တရားသူကြီး ဦးထွန်းထွန်းနိုင်ကို သူရဲ့နေအိမ်မှာပဲ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

“သူတာဝန်ကျတာက ဆင်ပေါင်ဝဲမှာ တာဝန်ကျတာ၊ သူ့မိသားစုအိမ်ကို အလည်လာတာမှာ ရှင်းလင်းခဲ့တာ။ သူက သံတုတ်နဲ့ ပြန်ရိုက်ပြီးခုခံလို့ သေနတ်နဲ့ ၅ ချက်ပစ် ရှင်းခဲ့တာ။ သူ့ကို ရှင်းလင်းတဲ့အခါမှာ သူ့မိသားစုတွေက ပြန်လည်ခုခံတာ‌တွေလုပ်တယ်” လို့ တပ်ရင်း ၉၀၃ ဂဠုန်တပ် (နတ်မောက်)ရဲ့ တပ်ခွဲမှူးဗိုလ်အောင်ဒင်က ပြောပါတယ်။ 

တရားသူကြီး ဦးထွန်းထွန်းနိုင်ဟာ လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသလို အဂတိလိုက်စားမှုတွေလည်းရှိတာကြောင့် ဖမ်းဆီးဖို့သွားချိန် ပြန်ခုခံတဲ့အတွက် ရှင်းလင်းခဲ့တာလို့လည်း ဆိုပါတယ်။ 

“သူကအမှုတွေဆို တရားတဲ့အမှုကို မတရားအောင်လုပ်တယ်။ လာဘ်ပေးလာဘ်ယူတွေလည်းရှိတယ်။ ပြည်သူကိုလည်း မတရားအနိုင်ကျင့်တယ်။ လက်ရှိလည်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတာ။” လို့ တပ်ခွဲမှူးဗိုလ်အောင်ဒင်က ပြောပါတယ်

ဦးထွန်းထွန်းနိုင် ရှင်းလင်းခံရပြီးနောက်မှာ နတ်မောက်မြို့နယ်၊ စိုင်‌ကောင်းရွာ ရဲစခန်းမှာတာဝန်ကျနေတဲ့ ညီတဝမ်းကွဲဖြစ်သူ ရဲတဦးက အသတ်ခံရတာနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ကမ်းပြို #တရားသူကြီး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10