သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နဲ့ ကျောက်တံခါးမြို့နယ် ကျေးရွာအချို့က ကုန်းလမ်းရေလမ်းကို အသုံးမပြုကြဖို့ KNU က သတိပေးထုတ်ပြန်လာပါတယ်။
ဩဂုတ်လ ၉ ရက်ရက်စွဲနဲ့ KNU တပ်မဟာ ၃ တပ်ခွဲ ၁ ကနေ အချက် ၆ ချက်ပါတဲ့ အရေးပေါ်ကြေညာချက် တစောင်ကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ကြေညာချက်ထဲမှာတော့ နတ်သံကွင်းမြို့ကို ကုန်းလမ်းရေလမ်းနဲ့ အဝင်အထွက်မပြုလုပ်ရန်၊ ကျောက်တံခါးမြို့နယ်အတွင်းက ဗောဓိကွင်း၊ နံဇ၊ သူဌေးကုန်း၊ တောင်ခင်း၊ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းက ပြည်သူတွေ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာတာမလုပ်ရန်၊ သမင်အင်းကုန်းမှာ ကျောက်တံခါး၊ သူဌေးကုန်းလမ်းတွေပေါ် သွားလာတာမပြုလုပ်ဖို့ အသိပေးထားပါတယ်။
အသိပေးထုတ်ပြန်ချက်ဟာ ဒေသခံတွေရဲ့ လုံခြုံရေးအရ ပိတ်ပင်ထားရတာဖြစ်ပြီး မလိုက်နာပါက လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
"စစ်ရေးအခြေနေအရ မမြင်နိုင်တဲ့ အခြေနေတခုမှာ ပစ်ခတ်မှုဖြစ်လာရင် ရောထွေးမှုတွေဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီလမ်းပိုင်းတွေမှာဆိုရင် စကစ ဘက်က ပြည်သူတွေကို အမြဲတမ်း စစ်ဆေးနေတာဖြစ်တော့ စကစကို နည်းလမ်းတခုနဲ့ထိန်းချုပ်တာမျိုးလည်းဖြစ်ပါတယ်။ စကစ ဘက်က ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖမ်းဆီးတာတွေ အတွက်လည်း တပ်လှန့်သတိပေးတာမျိုးဖြစ်ပါတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လတ်တလောအခြေနေမှာ နတ်သံကွင်းအပါအဝင် ကျောက်တံခါးမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိလာတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။
KNLA ပူးပေါင်းတပ်တွေဘက်ကလည်း အဆိုပါနယ်မြေတွေမှာ စစ်ကောင်စီဝင်လာနိုင်မယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်တာတွေ လုပ်နေသလို စစ်ကောင်စီဘက်ကလည်း နေ့စဥ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၇ ရက်ကလည်း ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုကြဖို့အချက်အပါအဝင် အချက် ၅ ချက်ပါ ကြေညာချက်တစောင်ကို KNDO တပ်ရင်း ၃ က သတိပေးစာထုတ်ပြန်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူတိုင်း #ကျောက်ကြီး #နတ်သံကွင်း #KNU #KNDO #အရေးပေါ်ထုတ်ပြန်ချက် #ဆက်သွယ်ရေး #လမ်းတံတား
Share Share Share