နိုင်ငံအနှံ့ ရေကြီးရေလျှံဖြစ်နေပေမယ့် စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ မိုးခေါင်ရေရှားနေဆဲ

နိုင်ငံအနှံ့ ရေကြီးရေလျှံဖြစ်နေပေမယ့် စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ မိုးခေါင်ရေရှားနေဆဲ

အခုနှစ်ဇူလိုင်လအတွင်းမှာ မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်ပေါင်း ၄၀ ကျော်မှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်နေပေမယ့် စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာတော့ မိုးခေါင်ရေရှားပါးမှုတွေ ဖြစ်နေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ကောလင်း၊ အင်းတော် စတဲ့မြို့ နယ်တွေမှာ မိုးမရွာတာ ၃ လကျော်လောက်ရှိနေပြီလို့ ဆိုပါတယ်။

"ရေကြီးရေလျှံမှု မရှိဘူးဗျ။ မိုးခေါင်လို့ ဘာမှလုပ်မရဘူး။ တောင်သူတွေမှာလည်း စားဝတ်နေရေး ကြပ်တည်းနေတယ်။ မိုးလုံးဝမရွာဘူးဖြစ်နေတယ်" လို့ ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာမှ အမျိုးသားတဦးက ပြောပါတယ်။

အင်းမကျေးရွာမှာ အိမ်ခြေ ၂၄၀ ကျော်ရှိပြီး အဲ့ဒီထဲက အိမ်ခြေ ၄၀ ကျော်က လက်လုပ်လက်စားတွေဖြစ်ကာ ကျန်တဲ့အိမ်ခြေ ၂၀၀ ကျော်မှာတော့ တောင်သူ၊ လယ်သမားတွေဖြစ်ကြပြီး စပါးနဲ့ ပြောင်းကို အဓိကစိုက်ပျိုးကြတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

"ပျိုးထောင်ထားတဲ့ စပါးပင်တွေနဲ့ ပြောင်းပင်တွေဆိုရင် ပိန်လိမ်ပြီးတော့ သေတဲ့ဟာတွေ သေနေကြတယ်။ မိုးမရွာလာရင်တော့ အတော်လည်း ဒုက္ခရောက်သွားနိုင်တယ်"လို့ သူကဆက်ပြောပါတယ်။

အင်းမကျေးရွာအနီးပတ်ဝန်းကျင်ရှိ ရှမ်းကုန်း၊ ပင့်သာ၊ ဖလားရ၊ ကန်သာလှ၊ပင်းတည်းစတဲ့ ကျေးရွာတွေမှာလည်း စပါးခင်းတွေ ရေမရရှိကြတာကြောင့် ပျိုးပင်းတွေ သေကြေ ပျက်စီးမှုတွေရှိနေ ကြတယ်လို့ သိရပါတယ်။

"ရွာမှာလွန်ဆွဲပွဲလုပ်တာ ၃ကြိမ်ရှိပြီ။ မိုးကတော့ ရွာမလာဘူး"လို့ ဖလားရကျေးရွာသားတဦးက ဆိုပါတယ်။

အလားတူ အင်းတော်နဲ့ ကောလင်းမြို့ နယ်တို့မှာလည်း မိုးခေါင်နေတာကြောင့် စိုက်ပျိုးရေး အတွက် ရေမရတဲ့အပြင် ကျွဲ၊ နွားတွေအတွက်ပါ သောက်ရေရှားပါးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မိုးရွာလို့ ပြောရမလား၊ မြေတောင်မစိုဘူး ရွာတာ။ ဘယ်လိုလုပ်ပြီး ရေရမလဲဗျ။ လူတွေတောင် ရေငတ်လု မတတ်ပဲ"လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ပျိုးထောင်ထားတဲ့ စပါးခင်းတွေနဲ့ ယာခင်းတွေထဲကို ချောင်းတွေထဲက ရေစုပ်စက်နဲ့ ရေတွေတင်သွင်း ပေးချင်ကြပေမယ့် ဓာတ်ဆီ၊ ဒီဇယ်ဆီတွေက စျေးကြီးနေတာကြောင့် ရေမတင်သွင်းနိုင်ပဲ လယ်ခင်း၊ ယာခင်းတွေကို နဂိုအတိုင်းပစ်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခုလို မိုးခေါင်ရေရှားတဲ့ဒေသတွေရှိသလို တဖက်မှာလည်း ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းက ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ ကလေး စတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံတွေရေဘေးသင့်ကာ နေအိမ်နဲ့စိုက်ခင်း ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။ 

ပုံစာ - ကောလင်းနယ်ကဒေသခံတွေ မိုးခေါင်လို့ လွန်ဆွဲပွဲပြုလုပ်နေကြစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မိုးခေါင်ရေရှား #ဒေသခံအခက်တွေ့ #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10