နေပြည်တော် ကပစ ၁ မှာလည်း နေအိမ်တွေနစ်မြုပ်နေပြီး စစ်သား ၂ ဦးအပါ လူဒါဇင်ဝက်ထက်မနည်းသေဆုံးထားကာ ပျောက်ဆုံးမှုများနေ

နေပြည်တော် ကပစ ၁ မှာလည်း နေအိမ်တွေနစ်မြုပ်နေပြီး စစ်သား ၂ ဦးအပါ လူဒါဇင်ဝက်ထက်မနည်းသေဆုံးထားကာ ပျောက်ဆုံးမှုများနေ

ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့မှာ မြို့အခြေစိုက် စစ်ကောင်စီတပ် အမှတ် ၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁)မှာလည်း စက်တင်ဘာ ၁၁ ရက်ကစတင်ကာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ် နေတယ်လို့ တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ကပစ ၁ တပ်မှ နေရာအများအပြားမှာ ရေဝင်ရောက်နေပြီး အနိမ့်ပိုင်းရှိ တပ်တွင်းအိမ်ထောင်သည် ၆ ခန်းတွဲ လိုင်းခန်းနဲ့ ၂ ထပ်လိုင်းခန်းတွဲတွေမှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ ဖြစ်ပေါ်နေကာ ရေကြီးနစ်မြုပ်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအပါ လူသေဆုံးမှုများပြားတယ်လို့ ဆိုပါတယ်။

“ ၆ ခန်းတွဲအရှေ့ဘက်၊ ၂ ထပ်လိုင်းခန်းတွေမှာ အိမ်တွေပါမြုပ်တယ်။ ဗဟိုကင်းရှေ့ ဌာနချုပ်ရုံးနဲ့ တန်းစီကွင်းမှာ ပိုဆိုးတယ်။ လူသေတာအတော်များတယ်လို့ သိရတယ်။” လို့ တပ်ကုန်း၊ ကပစ ၁ တပ်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေကြီးမှုတွေကြောင့် ကပစ ၁ မှ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သား ၂ ဦး၊ အသက် ၅၀ ကျော်အရွယ်မှီခိုအမျိုးသမီး ၁ ဦး နဲ့ ကလေး ၁ ဦးတို့အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးထားပြီး လူသေဆုံးမှုမှာ ယခုထက်ပိုမိုများပြားနိုင်ကာ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တချို့မှာလည်း တပ်ကုန်း ကပစ ၁ အတွင်းရေကြီးနစ်မြုပ်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး ရေဘေးအတွင်း ပျောက်ဆုံးနေသူတွေများပြားတယ်လို့ ရေးသားဖော်ပြကြပါတယ်။

တပ်ကုန်းမြို့မှာ ကပစ ၁ ၊ ကပစ ၄ လက်နက်စက်ရုံ ၂ ခု တည်ရှိတာဖြစ်ပြီး ကပစ ၁ မှာ တပ်ကုန်းမြို့ အတွင်းပိုင်းမှာ ပိုမိုရောက်ရှိတာကြောင့် ရေဘေးသင့်ထိခိုက်မှု ပိုမိုများပြားနိုင်တယ်လို့ ကပစတပ် သတင်းရင်းမြစ်တဦးကလည်း ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်းကစတင်ကာ မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေက မြို့တွေဖြစ်တဲ့ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ မြို့နယ်တွေမှာ နေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်နေကာ တပ်ကုန်းအခြေစိုက်တပ်ဖြစ်တဲ့ ကပစ ၁ တပ် အတွင်းမှာလည်း ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတာပါ။

နေပြည်တော်ကောင်စီနယ်မြေ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၂ ရက်ယမန့်နေ့အထိ သေဆုံးသူ လူ ၂၀ ထက်မနည်းရှိနေတယ်လို့ စစ်ကောင်စီလက် အောက်မီးသတ်ဌာန MFSD က ထုတ်ပြန်ထားပေမယ့် မြေပြင်မှာသေဆုံးသူဦးရေဟာ ယခုအရေအတွက်ထက် များပြားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။

ပုံစာ - စက်တင်ဘာ ၁၂ ရက်က နေပြည်တော်နယ်မြေအတွင်း ရေဘေးသင့်နေမှုအား တွေ့ရစဉ်။

#မြေလတ်အသံ

#နေပြည်တော် #တပ်ကုန်း #ကပစ၁ #ရေကြီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10