နေပြည်တော်ကောင်စီနယ်မြေ ရေကြီးရေလျှံဖြစ်မှုမှာ သေဆုံးသူပြည်သူ ၁၉ ဦးရှိလာ (ရုပ်/သံ)

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ပျဥ်းမနား၊ လယ်ဝေးမြို့နယ်တွေ ရေကြီးရေလျှံဖြစ်မှုမှာ ပြည်သူ ၁၉ ဦးသေဆုံးကြောင်း ကနဦးသတင်းရရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၃ ဦးနဲ့အမျိုးသား ၆ ဦးသေဆုံးထားပြီး အသေးစိတ်အချက်အလက်ကို လတ်တလောမှာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်ည ၈ နာရီခွဲအထိ ကျေးရွာရပ်ကွက်ပေါင်း ၃၀ ကျော်က လူဦးရေ ၃ ထောင်ကျော် (၃၆၀၂ ဦး) တို့ကိုလည်း ရေဘေးလွတ်ရာကို ကူညီရွှေ့ပြောင်းပေးခဲ့နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စက်တင်ဘာ ၁၁ ရက်ကစပြီး ပေါင်းလောင်းမြစ်ရေနဲ့ ဆင်သေချောင်းရေ မြင့်တက်လာတဲ့အတွက် ဒေသခံ ပြည်သူတွေ ပိတ်မိသေဆုံးခဲ့ကြတာဖြစ်ပြီး မြေပြင်မှာသေဆုံးသူအရေအတွက် ဒီထက်များနိုင်တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက ဖြစ်ပါတယ်။  

“အိမ်တိုင်လုံးကျွတ် မျောတာတွေလည်းရှိတယ်။ (ရေက) နည်းနည်းတော့ လိုက်ကျနေတယ်။ ဒါပေမယ့် အောက်ဘက်ခြမ်းတွေဆို အဝေရာဆည်တို့ ပေါင်းလောင်းဆည်တို့ဘက်တွေက ညဘက်ကရေလွှတ်တယ်ဆိုတော့ အဲ့ဘက်ကြောတွေမှာတော့ ရေများနေတယ်။ ပိတ်မိတာတွေရှိတယ်။ အကိုတို့သတင်းအရဆို ထောင်ချီလိမ့်မယ်” လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက် ဒီမနက်ပိုင်းထိ ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့မြို့နယ်တွေထဲက နေရာအချို့မှာ ရေအနည်းငယ်သာပြန်ကျနေပြီး အဝေရာဆည်နဲ့ ပေါင်းလောင်းဆည်အောက်ဘက်ခြမ်းကျေးရွာတွေမှာတော့ ရေပြန်မကျသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးတဲ့ကျေးရွာတွေမှာလည်း သောက်ရေ၊ စားသောက်စရာ အခက်ခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ 

ဒီမနက် ၉ နာရီ ၃၀ အချိန် မိုးဇလရဲ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်နဲ့ အရှေ့မြောက်ပိုင်းမှာ ပိုမိုအားကောင်းတဲ့လေပွေလှိုင်းဖြစ်ပေါ်နေကာ မုန်တိုင်းဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒီနေ့ကနေ စက်တင်ဘာ ၁၅ ရက်အထိ နေပြည်တော်အပါအဝင်ဒေသအချို့မှာ နေရာစိပ်စိပ်မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာ ရေကြီး၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ သတ်ပေးထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#နေပြည်တော် #ရေကြီးရေလျှံ #သဘာဝဘေး #လူသေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10