သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ စစ်ကောင်စီလက်အောက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးသိပ္ပံသင်တန်းကျောင်းမှာ ကျောင်းသားက ကျောင်းအုပ်ဆရာမနေအိမ်ထဲဝင်ရောက်ကာ ဓားနဲ့ခုတ် ပစ္စည်းလုယက်ခဲ့တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး အသက် ၆၁ နှစ်အရွယ် ဒေါ် ဝင်းရီနဲ့ အတူနေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကွင်းဆင်းလက်ထောက်ဆရာမ ဒေါ်အွန်စောတို့က ကျောင်းဝန်းအတွင်းရှိ နေအိမ်မှာအိပ်နေစဥ် အသက် ၁၉ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား မျိုးမင်းသူ က နေအိမ်အတွင်းဝင်ရောက်ကာ ပစ္စည်းလုယက်ခဲ့တာလို့ဆိုပါတယ်။
" ကောင်လေးက ဆေးကြောင်ပြီး ပစ္စည်းယူတာ။ အဲ့ကနေ လက်လွန်ကုန်တယ်။ ဆေးကြောင်တယ်ဆိုတော့ သတိလွတ်ပြီလေနော်။ ကောင်လေးက ကျောင်းတွင်းအဆောင်နေကျောင်းသားတော့ မဟုတ်ဘူး။ နဂိုကတည်းက ရင်းနှီးမှုရှိပြီး ဝင်ထွက်သွားလာနေကျ ဖြစ်လောက်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဓားနဲ့ထိုးခုတ်ခံရလို့ ဆရာမအွန်စောမှာ ဝမ်းဗိုက်နဲ့ရင်ဘတ်တွေမှာ ထိုးသွင်းပြတ်ရှဒဏ်ရာတွေနဲ့ နေရာမှာပင်သေဆုံးသွားခဲ့ပြီး ကျောင်းအုပ်ဆရာမ ဒေါ်ဝင်းရီမှာ ဦးခေါင်း၊ ပုခုံးနဲ့ရင်ဘတ်တွေမှာ ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်၊
အဆိုပါကျောင်းသားက ဆရာမ ၂ ဦးကို ဓားနဲ့ထိုးခုတ်ပြီးတဲ့နောက် ငွေသား ၁၀ သိန်းကျော်နဲ့ လက်စွပ်၊ ဆွဲကြိုးတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူ ဒုတိယနှစ်ကျောင်းသား မျိုးမင်းသူ ကို နေပြည်တော် ဘောဂသီရိ ကားဝန်းအတွင်း ရန်ကုန်ကိုထွက်ခွာမယ့် “နေကြယ်မင်း” ခရီးသည်တင်ယာဉ်ပေါ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သတ်ဖြတ်၊ လုယက်မှုကျူးလွန်သူ မျိုးမင်းသူ ကို ပျဉ်းမနားမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ တွေနဲ့ အမှုဖွင့်ထားပြီး ၎င်းမှာ ငွေကြေးအခက်အခဲတွေရှိနေတာ၊ ကျောင်းအုပ်ဆရာမကြီးမှ စိုက်ကွင်းသင်ခန်းစာ လက်တွေ့လုပ်ခိုင်းတာတွေကို မကျေနပ်တာကြောင့် နေအိမ်အတွင်းဝင်ရောက်ကာ သတ်ဖြတ်လုယက်ခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#နေပြည်တော် #စိုက်ပျိုးရေးသိပ္ပံ #ကျောင်းသား #ဆရာမ #လုယက်သတ်ဖြတ်
Share Share Share