နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လူသောင်းနဲ့ချီရေဘေးသင့်ပိတ်မိနေကာ သေဆုံးသူတွေလည်းရှိ

နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လူသောင်းနဲ့ချီရေဘေးသင့်ပိတ်မိနေကာ သေဆုံးသူတွေလည်းရှိ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း၊ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး လူနေအိမ်ခြေထောင်ချီ ရေနစ်မြုပ်နေကာ အရေးပေါ် ကူညီကယ်ဆယ်ရေး လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် ဒီကနေ့မနက် ၁ နာရီခန့်ကစတင်ကာ ကျေးရွာတွေထဲကို ရေတွေဝင်ရောက်လာပြီး မနက် ၅ နာရီခန့်မှာ ရေအမြင့် ၇ ပေထိ တက်ရောက်လာတာကြောင့် နေအိမ်ခေါင်မိုးပေါ်တွေနဲ့ အထပ်မြင့်တိုက်တွေပေါ်မှာ တက်နေရတယ်လို့ ဆိုပါတယ်။

" နှစ်ထပ်အိမ်တွေဆို အောက်တထပ် မြုပ်နေပြီ။ အခုတောင် အိမ်ခေါင်မိုးပေါ် တက်နေနေရတယ်။ တညလုံးလည်း မိုးရေထဲမှာနေနေကြတော့ ချမ်းနေကြပြီ။ ကူညီကယ်ဆယ်ရေးတွေလည်း မရောက်လာသေးဘူး။ ရေကလည်း ထပ်တက်နေတယ်"လို့ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်ကစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေတွေရုတ်တရက်ကျဆင်းလာတာနဲ့ မုံချောင်းဆည်က ရေလွှတ်ချတာကြောင့် ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ရုတ်တရက်ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုတွေဟာ တပ်ကုန်းမြို့နယ်အတွင်းက မကျီးပင်၊ ညောင်ပင်သာ၊ ရေတွင်းဖြူ၊ လက်ပံကုန်း၊  ရှောက်ကုန်း၊ အောင်မြေကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၃၀ နီးပါးမှာ ဖြစ်ပွားနေတဲ့အပြင် တပ်ကုန်းမြို့နယ်နဲ့ တဆက်တည်းရှိနေတဲ့ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း ဖြစ်ပေါ်နေတာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

" လတ်တလောကတော့ တပ်ကုန်း အများဆုံး။ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာလည်း ရေကြီးနေပြီး စာရင်းတော့ လတ်တလောမရသေးဘူး။ တပ်ကုန်းနယ်ထဲကတော့ ရွာ ၃၀ ကျော်လောက်ရေကြီး ရေလျှံ ဖြစ်နေတယ်။ DB(Dead Body) နှစ်လောင်း ထွက်ထားတယ်။ အသေးစိတ်ကတော့ ပြောဖို့က မေးမြန်းနေတုန်းပဲ" လို့ ဒေသလူမှူကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာတရွာက အဘွားအို ၁ ဦးနဲ့ ကလေးငယ် ၁ ဦး  ရေနစ်သေဆုံးမှုရှိကြောင်း ကနဦးသိရှိရပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ကာ နေအိမ်တွေထောင်ချီနစ်မြုပ်နေသလို လူဦးရေ ၁၀,၀၀၀ ကျော် ရေဘေးသင့်နေရတာပါ။

ရုတ်တရက်ရေကြီးနေတာကြောင့် ရေဘေးသင့်ဒေသခံအများစုမှာ ကျေးရွာတွေအတွင်း နေအိမ်ခေါင်မိုးပေါ်တွေ ၊ အထပ်မြင့်အဆောက်အဦတွေပေါ်မှာ ပိတ်မိနေကြပြီး မိုးအဆက်မပြတ်ရွာသွန်းလို့ ရေထပ်တိုးလာနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်လုပ်ဆောင်ပေးဖို့ လိုလားနေကြပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#နေပြည်တော် #သဘာဝဘေးအန္တရာယ် #ရေကြီးရေလျှံ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10