နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ

နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူ ၇၀၀၀ ကျော်အတွက် နေထိုင်စရာမြေနေရာအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီ ပေးနေသူတွေဆီက သိရပါတယ်။

လက်ရှိ အဲ့ဒီစစ်ရှောင်တွေ နေတဲ့နေရာဟာ ဆက်လက်ထားရှိဖို့ အဆင်မပြေတော့တဲ့ အတွက် ပြောင်းရွေ့နေထိုင်ဖို့ မြေနေရာ အရေးတကြီးလိုအပ်တာလို့ဆိုပါတယ်။

"စစ်ရှောင်အများစုက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ခရစ်ယာန်ကျောင်းတွေမှာနေကြတာ။ နေလာတာလည်း ကြာလာတော့ လက်ခံထားနေရာက သူတွေအတွက်ကလည်းအဆင်မပြေ၊ အချို့နေရာတွေဆို အမိုးအကာမလုံတော့အဆင်မပြေ။ အိမ်ငှားနေရတဲ့သူတွေအတွက်ကလည်း ငှားခ စျေးကြီးတော့ ရေရှည်အတွက်အဆင်မပြေတာတွေဖြစ်လာတာ"လို့ စစ်ရှောင်အရေးကူညီပေးနေသူ တဦးက ပြောပါတယ်။

လက်ရှိစစ်ဘေးရှောင် ၇၀၀၀ နီးပါး တစုတဝေးတည်းနေထိုင်နိုင်မယ့် မြေနေရာအကျယ်တခုကို ပိုင်ရှင်တဦးဦးကဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုခုကဖြစ်ဖြစ် ငှားရမ်းနေထိုင်ခွင့်ပေးနိုင်ဖို့ စစ်ရှောင်တွေကိုယ်စား အကူအညီတောင်းခံအပ်တယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်တွေယာယီနေထိုင်ဖို့ မြေနေရာတခုသာ အရေးပေါ်လိုအပ်နေပြီး မြေနေရာရရင် တဲအိမ်တွေ ဆောက်ပေးမယ့်သူ၊ အစားအသောက်အဝတ်အထည်ကူညီပေးမယ့် သူတွေကတော့ အဆင်သင့် ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိတောင်ငူမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၁၅ ခုထိကျန်ရှိနေသေးပြီး စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေက ထန်းတပင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ဘက်က အရပ်သားပြည်သူတွေဖြစ်ပြီး နေရပ်ပြန်နေထိုင်ဖို့ အဆင်မပြေသေးတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

"နေအိမ်ပြန်နေဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ တိုက်ပွဲကြောင့်မီးလောင်လို့ နေစရာအိမ်မှမရှိတော့တာ။ ဘယ်လိုပြန်နေရမလဲ။ နောက်ပြီး နေရာကလည်းမအေးချမ်းသေးတော့။ ပြန်နေပြီးမှထပ်ဖြစ်လာရင် ပြန်ပြေးလာဖို့ကအဆင်မပြေဘူး"လို့ မုန်းဒေသစစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ပြည်သူတွေဟာ အလုပ်အကိုင်လည်း တိတိကျကျမရှိတာကြောင့် စားသောက်နေထိုင်ရေးအတွက် အလှူရှင်တွေကိုသာ အားကိုးပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း မုန်းဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲ၊ ၂၀၂၄ ဖေဖော်ဝါရီလအတွင်းဖြစ်ခဲ့တဲ့ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသတိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀,၀၀၀(နှစ်သိန်း) နီးပါးဟာ တောင်ငူမြို့နဲ့ အနီးတဝိုက်ကို စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ 

ပုံစာ - တောင်ငူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်ဘေးရှောင် #မြေနေရာလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10