နေရာအနှံ့ ရေကြီးရေလျှံဖြစ်နေချိန် ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားနေလို့ လွန်ဆွဲပွဲ ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်းက တောတွေထဲမှာ မိုးခေါင်ရေရှားနေလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နယ်ဓလေ့အရ လွန်ဆွဲပွဲကို ပြုလုပ်ခဲ့ကြတာလို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။ 

အဲဒီအရပ်မှာ ရောက်နေကြတဲ့ စစ်ဘေးဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ မိုးခေါင်နေလို့ သောက်သုံးရေနဲ့  တောင်ယာစိုက်ပျိုးဖို့အတွက် ရေရှားပါးနေတာကြောင့် ဇူလိုင် ၂၅ ရက်ကနေ ၂၇ ရက်အထိ လွန်ဆွဲပွဲကို ၃ ရက်တိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။

ကောလင်းမြို့ပေါ်နေ ပြည်သူတွေကလွဲရင် အများစုက တောင်သူလယ်သမားတွေ ဖြစ်တဲ့အတွက် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းက လယ်ယာစိုက်ပျိုးပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီး က‌ပြောပါတယ်။

ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားမှုက နှစ်တိုင်းမဖြစ်ပေမယ့် မိုးခေါင်ရေရှား ဖြစ်တဲ့နှစ်တွေမှာတော့ တောင်ယာမစိုက်ပျိုးနိုင်ကြဘူးလို့ ဆိုပါတယ်။

အဲဒီလို မိုးခေါင်တဲ့နှစ်တွေမှာလည်း ရိုးရာဓလေ့အရ မိုးခေါ်လွန်ဆွဲတာတွေ လုပ်ကြတယ်လို့ သိရပါတယ်။ 

၃ ရက်ကြာ လွန်ဆွဲဖို့မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စုပေါင်းပါဝင်ကြကာ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က အဟာရဒါနတိုက်ကျွေးပြီး ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။

ကောလင်းမြို့ အနောက်ခြမ်းမှာ စစ်ဘေးရှောင် ၂ သောင်းကျော်ရှိပြီး စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေထဲမှာ ကောလင်းမြို့ပေါ်ရပ်ကွက်က ပြည်သူတွေနဲ့ မြို့နဲ့ ၂ မိုင်အကွာက ဒေသခံတွေ အများစုဖြစ်ကြတယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းမှာ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကိုင်းတိုင်း ကောလင်းမြို့ အနောက်ခြမ်းမှာတော့ မိုးခေါင်ရေရှားမှုတွေ ထူးထူးခြားခြား ဖြစ်ပေါ်နေတာပါ။ 

မိုးခေါင်ရေရှားမှုကြောင့် ဒေသခံတွေဟာ အချိန်မီ စပါးမစိုက်နိုင်ကြတဲ့အတွက် လာမယ့်နှစ်မှာ ဆန်စပါးရရှိဖို့ အခက်အခဲတွေ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

စာတည်း - ငြိမ်းဇော်၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ကောလင်းအနောက်ခြမ်း #မိုးခေါင်ရေရှား #သောက်သုံးရေ #လွန်ဆွဲပွဲ #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10