နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ နေအိမ်တွေကို မီးရှို့နေတဲ့ မုံရွာ နမခ တပ်က စစ်ကြောင်းကို ​ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အရာတော်၊ ကျောက်ပျောက်ရွာနဲ့ မင်းရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ ညနေ ၄ နာရီခွဲလောက်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲကြာချိန် ၂ နာရီခန့်အထိ ကြာခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးတယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ရင်းမှူး ဗိုလ်သက်ကြီးက မြေလတ်အသံကို ပြောပါတယ်။

''တိုက်ပွဲက ၂ နာရီလောက် ကြာတယ်။ ကျနော်တို့  Zero ပြောက်ကျားတပ်ဖွဲ့က ရဲဘော် ၁ ဦး လက်မောင်း ထိမှန်တယ်။ မစိုးရိမ်ရပေါ့။ သူတို့ဘက်က စစ်သား ၁၀ ကောင် သေတယ်။ မုံရွာ နမခ က လာတဲ့ စစ်သားတွေပါ။ အင်အားကတော့ အစောပိုင်းက ၈၀ လောက်ပါပြီး အခုတော့ သူတို့ဘက်က အင်အား ၃၀ ကျော်ပဲ ကျန်တော့တယ်'' လို့ သူက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ မုံရွာ နမခ တပ်က စစ်သားတွေဟာ မင်းရွာက နေအိမ်တွေကို ဆက်လက်မီးရှို့နေပြီး ရွာအတွင်းမှာရှိတဲ့ နေအိမ် အများအပြား မီးလောင်ဆုံးရှုံး နေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီတိုက်ခိုက်မှုကိုတော့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ တပ်ရင်း ၂ မြင်းခြံခရိုင်၊ တပ်ရင်း ၁ စစ်ကိုင်းခရိုင်၊ တပ်ရင်း ၂ တပ်ခွဲ ၁ GTR တပ်ခွဲ၊ မန္တလေးခရိုင်တပ်ရင်း၊ မိုးကြိုးဆားတောင်ဦးအဖွဲ့၊ ကိုရန်နိုင်အဖွဲ့၊ မန္တလေး UG အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၆ နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း အရာတော်မြို့နယ် ကျောက်ပျောက်ရွာနဲ့ မင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို Zero ပြောက်ကျားတပ်မဟာအဖွဲ့က တိုက်ခိုက်ခဲ့တာ စစ်ကောင်စီ တပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10