နွားထိုးကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေ၊ ၃ ဦးအရှင်မိပြီး လက်နက်မျိုးစုံ ၂၇ လက်ရရှိ

နွားထိုးကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေ၊ ၃ ဦးအရှင်မိပြီး လက်နက်မျိုးစုံ ၂၇ လက်ရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ မြို့အဝင်ဂိတ်၊ ရဲစခန်း၊ မြန်မာ့ စီးပွားရေးဘဏ်ရုံး၊ ဆောက်လုပ်ရေးရုံး၊ တရားရုံးနဲ့ မြို့အနောက်ဘက် အေးကျောင်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၀ ရက် မနက် ၅ နာရီလောက်မှာ တချိန်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီမှ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ မွန်းလွဲ ၂ နာရီအထိဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်သေဆုံးသွားသလို လက်နက်မျိုးစုံ ၂၇ လက်၊ ကျည် ၁၈၀၀ တောင့်ဝန်းကျင်၊ Jammer စက် ၁ လုံး နဲ့  စစ်ကောင်စီတပ်သား ၃ ဦးတို့ကို အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အေးကျောင်း လက်နက်ကြီး အထိုင်စခန်းကို အပြီးသတ်သိမ်းဆည်းပြီးတဲ့အချိန် သူတို့ (စစ်ကောင်စီ) ခံပစ်သေးတယ်။  နောက်ဆုံးသူတို့ ပြန်လည်ခုခံနိုင်တဲ့ အခြေနေမရှိတဲ့အချိန်မှာ ဖမ်းမိတာပါ။ သူတို့က ရိုးရိုးတပ်သားအဆင့်တွေပါပဲ။ သူတို့ကို ကျနော်တို့က စစ်ဒေသကို နောက်နေ့မှာပို့လိုက်တာပါ။ သေဆုံးတဲ့ ဦးရေတွေကတော့ ကျနော်တို့ ကိုယ်တိုင်ရေတွက်ထားပါ။ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာရော ဒီအတိုင်း လက်နက်တွေကို တခြားနေရာတွေမှာ ဖွက်ပြီးတော့ တပ်ပျက်ပြီး ထွက်ပြေးသွားတာတွေရော မနည်းဘူး” လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်အမျိုးအစားတွေကတော့ MA 2  ၊ MA 12 ၊ G 3 ၊ BA 72 ၊ MA 11 ၊ M 1 ကာဘိုင်၊ M 16 နဲ့  G3 ကျည်ကတော့ ၃၀၀ တောင့်ဝန်းကျင် ၊ ကာဘိုင်ကျည် ၁၃၀ တောင့်၊ ၆၀ မမ  ၁၂ လုံး ၊  ၄၀ မမ ၈ လုံး အစရှိတာတွေကို သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းကလွဲပြီး ကျန်စခန်း အားလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ အီကွေ့မန့်တို့၊ အဲဒီထဲမှာရှိတဲ့ စာရင်းဇယားဖိုင်တွေ၊ သူတို့ရဲ့ စစ်သုံးအချက်အလက်တွေ အဲဒါတွေ ရပါတယ်။ စခန်းတွေအကုန်လုံးကိုတော့ မီးရှို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ရဲစခန်းကိုတော့ အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ဘူး။ လေကြောင်းက တအားကြီး ဖိအားပေးတိုက်ခိုက်လာတာရော ကျနော်တို့ရဲ့ လက်နက်ခဲယမ်းပိုင်းက နည်းနည်းအားနည်းလာတဲ့အခါကျတော့ ဆက်ပြီးတော့ ကျနော်တို့ အပြီးသတ်မသိမ်းပိုက်ခဲ့တော့ဘူးပေါ့ ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ယင်းတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့သလို ဒုတပ်ခွဲမှူး ၁ ဦးလည်း ကျဆုံးသွားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်စျေးထဲက ပစ္စည်းအကုန်လုံးကို ခိုးထုတ်နေသလို မြို့နဲ့ဝန်းကျင်နေရာတွေမှာလည်း တပ်စွဲထားတာတွေရှိတယ်လို့ သိရပါတယ်။ 

ဆက်လက်ပြီးတော့လည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကာကွယ်ရေးရဲဘော်တွေအတွက် ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုတ်တွေကို ဝယ်ယူနိုင်ဖို့ တတ်နိုင်သလို ပါဝင်ကူညီအားဖြည့်ပေးဖို့ကိုလည်း အခုလို ပြောကြားခဲ့ပါသေးတယ်။

“ကျနော်တို့ကအခု ပြောက်ကျားစစ်မဟုတ်တော့ဘူး။ အရင်တုန်းကလို ပြောက်ကျားတိုက်ခိုက်တဲ့ ကာလတွေ မဟုတ်တော့ဘဲနဲ့ Battle ထိုးစစ်ကို စပြီးတော့ ဆင်နွှဲနေရပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ရဲဘော်တွေမှာ ကျည်ကာအင်္ကျီတွေ၊  ကျည်ကာဦးထုပ်တွေ မပါဘူးပေါ့။ တချို့ဟာတွေဆိုရင် မထိခိုက်သင့်ဘဲနဲ့ ထိခိုက်ခဲ့ရ တာမျိုးတွေ ရှိတာမို့လို့ ကျည်ကာဦးထုပ်တွေ ၊ ကျည်ကာအင်္ကျီဖိုးတွေ နိုင်သလောက်လှူဒါန်းပေးစေချင်တယ်။” လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်းနဲ့ နွားထိုးကြီးမြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #နွားထိုးကြီး #စစ်ကောင်စီ # မြင်းခြံခရိုင် #စခန်းသိမ်း #မြို့သိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10