နွားထိုးကြီးမြို့ကိုတိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး စစ်ကူလမ်းကြောင်းတွေ ဖြတ်တောက်ကာ မြို့ကိုပြင်ပမှ ထိန်းချုပ်ထား

နွားထိုးကြီးမြို့ကိုတိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး စစ်ကူလမ်းကြောင်းတွေ ဖြတ်တောက်ကာ မြို့ကိုပြင်ပမှ ထိန်းချုပ်ထား

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေကို ဖြတ်တောက်ကာ မြို့ကို ပြင်ပကနေ ထိန်းချုပ်ထားနိုင်တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဩဂုတ် ၁၀ ရက် မနေ့မနက် ၅ နာရီခန့်ကစတင်ကာ နွားထိုးကြီးမြို့တွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဂတ်စ်ပိုက်လိုင်းနေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီလောက်မှာ စစ်တပ်က လေကြောင်းပစ်ကူပေး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ မြို့ပေါ်က စခန်းတွေကို သိမ်းနိုင်ခဲ့တယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်” လို့ မြေပြင်ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားအားလုံး ရှင်းလင်းသွားပြီဖြစ်ပြီး တိုက်ပွဲအတွင်းဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားတွေရှိသလို လက်နက်၊ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိထားကာ တိုက်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းတွေ နွားထိုးကြီးမြို့ကို ထပ်မံဝင်ရောက်မလာနိုင်ရေး နွားထိုးကြီးမြို့ကို ဝင်ရောက်တဲ့လမ်းပိုင်းတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ကာ မြို့ကိုထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

" မြို့ကို စီးနင်းတပ်စွဲထားတာမျိုးတော့ မဟုတ်ဘူး။ မြို့ကိုအထိုင်ချလိုက်ရင် လေကြောင်းလာပြီး ပြည်သူတွေကိုထိခိုက်မှာစိုးတဲ့အတွက် ကျွန်တော်တို့က ဖြတ်တောက်ရေးတွေလုပ်ပြီးပဲ ထိန်းထားတယ် "လို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

မနေ့က တိုက်ပွဲတွေဖြစ်ပွားနေချိန် စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ KBZ ဘဏ်အနီး တော်လှန်ရေးတပ်တွေရှိနေကြောင်းဖော်ပြခံရပြီးနောက် အဆိုပါဘဏ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်ကလေကြောင်းတိုက်ခဲ့တာကြောင့် မြို့တွင်းအပျက်အစီးတွေရှိခဲ့တယ်လို့ သိရပါတယ်။

နွားထိုးကြီး၊ မြင်းခြံ နဲ့ တောင်သာမြို့နယ်တွေမှာ တိုက်ပွဲဖော်ဆောင်တာတွေရှိတဲ့အတွက် လတ်တလောမှာ မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ - တောင်သာလမ်းပိုင်းကို ဒေသခံတွေအနေနဲ့ ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO)က ဩဂုတ် ၁၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

“ မြို့ပေါ်ကိုလေကြောင်းက ဒီမနက်အထိဝဲနေတုန်းပဲ။ မြို့ခံတော်တော်များများတော့ စစ်ရှောင်နေကြတယ်။ မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတချို့လည်းရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ပုံစာ - ယမန်နေ့က နွားထိုးကြီးမြို့တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားတချို့နှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းပျက်စီးမှုမြင်ကွင်းများ။

သတင်း - N၊ နန်းခမ်း၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေးတိုင်း #နွားထိုးကြီး #တိုက်ပွဲ #မြို့သိမ်းတိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10