နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ပျူခေါင်းဆောင်နေအိမ် ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကွရွာက ပျူစောထီးတွေ နေတဲ့နေရာကို ဒေသခံကာကွယ် ရေး တပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခဲ့လို့ ပျူစောထီးခေါင်းဆောင်နေအိမ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ သရက်ကွရွာက ပျူစောထီးတွေကို မတ်လ ၁၉ ရက်က တိုက်ခိုက်မှု ၂ ကြိမ်၊ မတ်လ ၂၀ ရက်နေ့မှာ ၁ ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဝံပုလွေပြောက်ကျား တပ်ဖွဲ့-မြိုင် ဗိုလ်မီးပွားက ပြောပါတယ်။

သရက်ကွရွာကို ၂ ရက်တာ တိုက်ခိုက်မှုမှာ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၈ လုံးကြဲခဲ့သလို ၈၀ မမ၊ ၁၀၀ မမ လက်နက်ကြီးတွေနဲ့လည်း အချက်ပေါင်း ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ သိရပြီး ပျူစောထီးဘက်က ၆၀ မမ၊ ၄၀ မမ တွေအပြင် လက်နက်ငယ်တွေနဲ့ပါ ပြန်ပြီးပစ်တယ်လို့ ဗိုလ်မီးပွားက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲချလို့ သရက်ကွပျူရွာက နေအိမ်တွေပေါ် ထိမှန်ပေါက်ကွဲခဲ့ပြီး ပျူစောထီးခေါင်းဆောင် နေအိမ်ပါ ပျက်စီးခဲ့တယ်လို့ ဆိုပေမယ့် ထိခိုက်သေဆုံး ပျက်စီးမှုကိုတော့ မြေလတ်အသံက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သရက်ကွရွာက အိမ်ခြေ ၁၅၀ ရှိပြီး ပျူအင်အား ၃၀ လောက်သာ ရှိနေတာဖြစ်ပြီး အဲဒီရွာမှာ စစ်သားမရှိတော့ဘဲ မြိုင်စက်မှု ၂ က စစ်သင်တန်းပို့ချပြီး လက်နက်တွေ တပ်ဆင်ပေးထားတာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10