ပခုက္ကူမှာPDF တွေတိုက်ခိုက်လို့ ပျူစောထီး ၂ ဦးသေဆုံးဟုဆို

ပခုက္ကူမှာPDF တွေတိုက်ခိုက်လို့ ပျူစောထီး ၂ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့ကပြန်လာတဲ့ ကမ္မမြို့နယ်လျှပ်စစ်မှူးနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီလ ၁ ရက်မနေ့ညနေပိုင်းမှာ ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေရှိခဲ့ပြီး အလောင်းလာကောက်တဲ့ စစ်ကောင်စီကားကိုပါ ဒီနေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

မနေ့ကညနေ ၆ နာရီဝန်းကျင်မှာ ပခုက္ကူမြို့ကပြန်လာတဲ့ပျူကားတွေကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနဲ့ ကမ္မမြို့အကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့မှ ဗိုလ်လက်ယာက ပြောပါတယ်။ 

ပခုက္ကူမြို့နယ်၊ ကန်တော်နဲ့ကမ္မအကြားမှာ ကား ၂ စီးနဲ့လာတာ၊ ရပ်ခိုင်းတာမှာ စစ်တဲ့အဖွဲ့ကိုတိုက်မဲ့ပုံစံလုပ်တာနဲ့ ကျနော်တို့ ပစ်တော့တာ၊ ထိတာက ၄ ကောင်ထိတယ်၊ လျှပ်စစ်မှူးနဲ့ ပျူ ၃ ကောင်ထိတယ်၊ ပျူ ၂ ကောင်ကသေတယ်၊ လျှပ်စစ်မှူးရဲ့ဖုန်း‌ကတော့ ကားပေါ်ကကျကျန်ခဲ့လို့ ရလိုက်တယ်” လို့ ပြောပါတယ်။ 

အဆိုပါပျူစောထီးတွေဟာ မြိုင်မြို့နယ်၊ တွင်းမရွာကဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေကပြောပေမယ့် ဒီဖြစ်စဥ်နဲ့ပက်သက်လို့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်သေးပါဘူး။ 

အဲ့ဒီနောက် ဒီနေ့လယ်ပိုင်းမှာတော့ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာအနီးမှာကျန်ခဲ့တဲ့ ပျူအလောင်းတွေကို လာကောက်တဲ့ တမခ ၁၀၁ က စစ်သားတွေကိုလည်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။ 

ဒီနေ့နေ့လယ် ၂ နာရီလောက်မှာ တပ်မ ၁၀၁ က စစ်သားတွေက ကားနဲ့ပျူအလောင်းကို ကားနဲ့လာဆွဲတာကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်၊ အလောင်းလည်းကောက်မသွားပဲနဲ့ ပြန်ပြေးကုန်ကြတယ်၊ အဲဒီစစ်သား‌တွေက ပခုက္ကူ တပ်မ ၁၀၁ ကပါ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်ကလည်း ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းရွာနေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  

#မြေလတ်အသံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10