ပခုက္ကူမှာ နေအိမ်ကို ဓါးပြတိုက်ပြီး အိမ်ရှင်ကိုပါ ဖမ်းသွား

ပခုက္ကူမှာ နေအိမ်ကို ဓါးပြတိုက်ပြီး အိမ်ရှင်ကိုပါ ဖမ်းသွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် ၁၀ရပ်ကွက်၊ ရန်အောင်လမ်းမှာ နေအိမ် ဓားပြတိုက်ခံရပြီး အိမ်ပိုင်ရှင်ကိုပါ ဖမ်းသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်  ဒီနေ့ မနက် ၈ နာရီခန့်မှာ လက်နက်ကိုင်ထားတဲ့ လူတစုဟာ ရန်အောင်လမ်းနေ ဦးအောင်မိုးဝင်းနေအိမ်ကို ရောက်ရှိလာပြီး ငွေကျပ် သိန်း ၅၀ယူပြီး ဦးအောင်မိုးဝင်းကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ဖြစ်တာက ဟုတ်တယ်။ လူငယ်ပိုင်းတွေပဲ အိမ်ထဲဝင်လာပြီး ဓားပြတိုက်သွားတာတဲ့။ ပြီးတော့ တန်ဖိုးရှိပစ္စည်းတွေ ယူသွားပြီး အိမ်ပိုင်ရှင်ကိုလည်း ဖမ်းသွားတယ်။ လာတဲ့အဖွဲ့က လေးငါး​ခြောက်ယောက်လော​က် ရှိတော့ ပတ်ဝန်းကျင်က လူတွေကလည်း ဒီအတိုင်းပဲ ကြည့်နေခဲ့ရတယ်" လို့ ပြောပါတယ်။

ဖမ်းခေါ်သွားခံရတဲ့ ဦးအောင်မိုးဝင်းဟာ ပခုက္ကူမြို့က လုပ်ငန်းရှင်တဦးဖြစ်တယ်လို့ သိရပေမယ့် ဘာလုပ်ငန်းလုပ်ကိုင်တယ်ဆိုတာကိုတော့ အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီမနက်မှာပဲ အမှတ် ၈ ရပ်ကွက်ရှိ ဆန်ပွဲရုံက ၁ ဦးကိုလည်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းခေါ်သွားတယ်လို့ သိရပြီး အဲ့ဒီဖြစ်စဥ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ​​ပြောပါတယ်။

ပခုက္ကူနယ်မှာ အဲ့ဒီလိုဖြစ်စဥ်တွေ မကြာခဏဖြစ်နေပြီး ဘယ်အဖွဲ့တွေက လုပ်နေတယ်ဆိုတာကို စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ ပခုက္ကူ ပအဖ အဖွဲ့ဝင်တဦးက  မြေလတ်အသံကို ပြောပါတယ်။

"ဒီနေ့ ပခုက္ကူမှာ အဲလိုဖြစ်စဥ် ၂ ခုဖြစ်တယ်လို့ သိရတယ်။ အမှတ် ၈ နဲ့ အမှတ် ၁၀ ရပ်ကွက်တွေမှာ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းဆဲဖြစ်တယ်။ အမှတ် ၈ မှာကတော့ လူပဲ ဖမ်းသွားတယ်လို့ သိရတယ်" လို့ ပခုက္ကူ ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး စစ်ဆေးမှုတွေပြုကာ မြို့တွင်းပိတ်ဆို့စစ်ဆေးပေမယ့် ဖမ်းဆီးရမိတာမရှိဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်က ပခုက္ကူ အမှတ် ၁၅ ရပ်ကွက် နေအိမ် ၁ အိမ်ကို လူတစုက ဓားပြဝင်တိုက်ချိန် စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဓားပြတိုက်သူထဲက ၁ ဦးသေဆုံးပြီး ဓားပြတိုက်သူတွေ ဝင်​ပြေးတဲ့အိမ်က အိမ်ရှင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ ပခုက္ကူမြို့နယ်အတွင်းမှာ ဓားမြတိုက် ​ပြန်ပေးဆွဲမှု အကြိမ် ၂၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10