ပခုက္ကူလေယာဉ်ကွင်း ၂ ရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခံရပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး လေယာဉ်ကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက်တိုက်လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Urban Underground Revolution Force - YSO တပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီလေယာဉ်ကွင်းမှာ ၁၄ ရက်နီးပါးကြာတပ်စွဲထားတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၄ ရက် မနက် ၁၀ နာရီခွဲလောက်မှာ Rocket ၁၅ လုံး ၊ ဒရုန်းဗုံးသီးအလုံး ၂၀ နဲ့ ၁ နာရီကျော်ကြာ သွားရောက်ပစ်ခတ်ခဲ့တာပါ။

ဒါ့အပြင် ဇူလိုင် ၁၅ ရက် မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ Rocket အလုံး ၃၀ နဲ့ ဒရုန်းဗုံးသီး ၂၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြားထိမှန်ဒဏ်ရာရရှိခဲ့သေးတယ်လို့ YSO တပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကေစီ က ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့ ၂ ရက်လုံး စစ်ကောင်စီတပ်သားတွေဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ လေယာဉ်ကွင်းထဲရှိ ပျုစောထီးတပ်သားတွေ နေထိုင်ဖို့ ဆောက်လုပ်နေတဲ့ တဲတွေ လက်နက်ကြီးထိမှန်ပြီး ပျက်ဆီးသွားတယ်လို့ သိရပါတယ်။ 

အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေ လေယာဉ်ကွင်းပြုပြင်မှုတွေကို ရပ်နားထားရတယ်လို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၁၆ ရက်ကလည်း ပန်းတိုင်းခြုံရွာတောင်ဘက်မှာ အခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းဗုံးသီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အများအပြား ထိမှန်ဒဏ်ရာရရှိသွားပြီး ဘန်ကာတွေထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Urban Underground Revolution Force-YSO ၊ Southern Yesagyo PDF ၊ Yesagyo Revolution Group ၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ ၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ ပခုက္ကူခရိုင်တပ်ရင်း ၆ ၊ ပခုက္ကူခရိုင်တပ်ရင်း ၇ ၊ ပခုက္ကူခရိုင် တပ်ပေါင်းစု ၊ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊ King Cobra အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ် ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပန်းတိုင်းခြုံကျေးရွာ #လေယာဉ်ကွင်း #ပစ်ခတ်တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10