ပခုက္ကူလေယာဥ်ကွင်းအနီးမှာ စစ်အုပ်စုနဲ့ PDF တို့ အပြန်အလှန်ပစ်ခတ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ပခုက္ကူလေယာဥ်ကွင်းအနီးမှာ စစ်အုပ်စုနဲ့ PDF တို့ အပြန်အလှန်ပစ်ခတ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့လေယာဥ်ကွင်းအနီးရှိ မြောက်လူးကန်ကျေးရွာမှာ အထိုင်တပ်တပ်စွဲထားနေတဲ့ စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ Southern YSO PDF ဆီက သိရပါတယ်။

စက်တင်ဘာ ၅ ရက် ဒီမနက် ၁၁ နာရီခွဲမှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်တပ်စွဲထားတဲ့ မြောက်လူးကန်ရွာဘုန်းကြီးကျောင်းအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက အနီးကပ်ဝင်ရောက်ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။

"တိုက်ပွဲကြာချိန်ကတော့ မိနစ် ၂၀ လောက်ပဲ။ ၁၀ တောင် ၁၅ တောင် အကွာအဝေးကနေ ပစ်ကြတာဆိုတော့ စကစဘက်က ထိခိုက်သေဆုံးက မျက်မြင် မြင်ရတာပါ။ ဘုန်းကြီးကျောင်း အုတ်တံတိုင်းကခံနေတော့ လက်နက်တွေက ဝင်ကောက်လို့မလွယ်လို့ မကောက်လာရဘူး။"လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ဘက်က ၉ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရဲဘော် ၂ ဦးထဲမှာ ၁ ဦးက Southern YSO PDF အဖွဲ့ကဖြစ်ပြီး ကျန် ၁ ဦးကတော့ ပူးပေါင်းအဖွဲ့ဝင်တွေထဲက ဖြစ်တယ်လို့ ကိုအောင်မောင်းက ပြောပါတယ်။ 

မြောက်လူးကန်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဖေဖော်ဝါရီလကတည်းက ရွာအနောက်ဘက်ရှိ ပခုက္ကူလေယာဥ်ကွင်းစီမံကိန်းမှာ လုံခြုံရေးလာစောင့်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ဒေါင်းသွေးနီ၊ ပြည်သူ့အားမာန်၊ King Cobra ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက်ကလည်း မြောက်လူးကန်မှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကနေ ကျေးရွာထဲ လမ်းလျှောက်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီး သေနတ် ၂ လက်ကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10