ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေ

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေ

ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၃ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။ 

မနက် ၉ နာရီမှာ တံတားဦးနဲ့ မုံရွာလေတပ်ဘက်ကလာတဲ့ Y-12 ပေါ်ကနေ နာရီဝက်လောက် ဗုံး ၉ လုံးကြဲခဲဲ့ပြီး ၉ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာ၊ ည ၁၀ နာရီမှာ Y-12 နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"မြို့ပေါ်က ကိုယ့်ရဲဘော်တွေရှိနိုင်မယ့် နေရာတွေပေါ့။ အဲဒီနေရာတွေ ခန့်မှန်းပြီး တိုက်ခိုက်သွားတာ"လို့ အထက်ပါ ခေါင်းဆောင်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်တွေ ထိခိုက်သေဆုံးတာမရှိဘူးလို့သိရပြီး မြို့ပေါ်မှာတော့ ထိခိုက်ပျက်စီးမှုတွေရှိကာ စက်တင်ဘာ ၁၄ ရက် ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲလည်းဖြစ်နေတာကြောင့် ပျက်စီးမှုတွေကို အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီဘက်ကလည်း မြို့ပေါ် ရဲစခန်းမှာ ဘန်ကာတွေအခိုင်အမာဆောက်ကာ တောင့်ခံနေသလို လေကြောင်းကနေလည်း တောက်လျှောက်ကူပစ်နေတယ်လို့ သိရပါတယ်။

ပင်လည်ဘူးမြို့ကို သြဂုတ် ၁၅ ရက်ကစတင်ပြီး တော်လှန်ရေးတပ်တွေက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် အနည်းဆုံးဒေသခံ ၁၀ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ပထမပတ်အတွင်းမှာ မြို့နေရာအများစုကို တော်လှန်ရေးတပ်တွေက စီးနင်းထားနိုင်ခဲ့ပြီး ရဲစခန်းကိုသိမ်းပိုက်ဖို့ ကျန်ရှိနေချိန်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီး၊ Mi-35 ၁ စီး၊ Mi-17 ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ပြီး စစ်ကူပို့ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

သတင်း - အမရာ၊ စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10