ပစ်ကူလာတဲ့ Mi 35 ရဟတ်ယာဉ် သေနတ်ထိမှန်ဆုတ်ခွာသွားကြောင်း ချပ်သင်း PDF ပြော

ပစ်ကူလာတဲ့ Mi 35 ရဟတ်ယာဉ် သေနတ်ထိမှန်ဆုတ်ခွာသွားကြောင်း ချပ်သင်း PDF ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ပစ်ကူလာပေးတဲ့ စစ်ကောင်စီ Mi 35 ရဟတ်ယာဉ် ၁ စီး သေနတ်ထိမှန်ပြီး ပြန်ဆုတ်ပြေးသွားတယ်လို့ ချပ်သင်း PDF က ပြောပါတယ်။ 

အဆိုပါ ရဟတ်ယာဉ်ဟာ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ မွန်းလွဲ  ၂ နာရီခွဲဝန်းကျင်က ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းက တက်လာပြီး ချပ်သင်းတဝိုက်မှာရှိတဲ့ ကံကြီးရွာနဲ့ တောင်တွေကို လှည့်ပတ်ပစ်ခတ်နေချိန် ကာကွယ်ရေးအဖွဲ့တွေက ပြန်လည် ပစ်ခတ်လိုက်လို့ ရဟတ်ယာဉ်အမြီးပိုင်းကို ထိမှန်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ ရဟတ်ယာဉ်ဟာ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းထဲကို ဆင်းသက်သွားပြီး လက်ရှိမှာ ပြုပြင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အမြီးကို ထိသွားချိန်မှာ ဆက်မပစ်တော့ဘဲ ပြန်ခေါက်သွားတယ်။ ထိသွားတဲ့အခါကျ ရဟတ်ယာဉ်က လည်သွားတာ။ ဟိုရမ်း ဒီရမ်းနဲ့ ခေါင်းကိုမနည်းစိုက်ပြီး ၆၀၀၆ ကို နှေးနှေးလေး ပြန်မောင်းသွားရတာ။” လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ချပ်သင်းတိုက်နယ်မှာ ယမန်နေ့ထဲက တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီကနေ့ မနက်ပိုင်းကလည်း ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ ၃ ကြိမ်မြောက် လာပစ်ချိန်မှာ ခုလိုထိမှန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“အောက်ကပစ်လိုက်တော့ အမြီးပိုင်းကို ထိသွားတယ်၊ တော်တော်ပဲ့ထိန်းပြီးတော့မှ ၆၀၀၆ထဲ ဆင်းသွားတယ်။ ပြုပြင်နေတယ်လို့ သတင်းရတယ်။” လို့ ချပ်သင်းတိုက်နယ်က နယ်ခံတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၇ ရက် ညနေ ၆နာရီလောက်ထဲက ချပ်သင်းတောင်ဘက်မှာရှိတဲ့ ပေကုန်းကနေ ဟောင်ဝှစ်ဇာတွေနဲ့ တညလုံး ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၈ ဦးဝန်းကျင် ဒဏ်ရာရထားပြီး ရဲဘော် ၁ ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။

ကျေးရွာပြည်သူတွေအနေနဲ့လည်း တိုက်ပွဲတွေကြောင့်  ထွက်ပြေးနေရပြီး ဇီးကုန်း၊ ကံကြီး၊ ပုဏ္ဏားကြီး၊ ပုဏ္ဏငယ်၊ ဦးကင်းကြည်၊ ချပ်လယ်၊ ပိတောက်ပင်၊ နဂါးပေါ်၊ အုပ်ခင်း၊ ပင့်သာကြီး၊ လှဲပွဲ စတဲ့ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ပုံစာ - စစ်ကောင်စီလေတပ် Mi - 35 ရဟတ်ယာဉ် ၁ စီးအား တွေ့ရစဉ်။ (CINCDS)

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ချပ်သင်းတိုက်နယ် #Mi35 #ရဟတ်ယာဉ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10