ပန်းတောင်းမြို့နယ် ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ပန်းတောင်းမြို့နယ် ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အပိုင် ရခိုင်ရိုးမပေါ်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Red Star ကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း၊ တပ်ခွဲ ၂ က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် ညနေ ၄ နာရီခွဲမှာ စစ်ကောင်စီအင်အား ၅၀ ပါစစ်ကြောင်းဟာ ပန်းတောင်းမြို့နယ်အစပ် သုံးပြင်ဆိုင်ကိုဖြတ်ကျော်နေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၄ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရသွားပြီးနောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် PDF တပ်ရင်းဘက်မှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

"ဒီသတင်းကတော့ ဒီနေ့မှာ ထုတ်ပြန်တာပါ။ အနောက်ရိုးမဘက်မှာ ဖြစ်တာရယ် နောက်တခုကတော့ တိုက်ပွဲမှာ ရဲဘော်တွေရဲ့ ဆုတ်လမ်းပြုလမ်းနဲ့ လုံခြုံတဲ့နေရာရောက်မှ ထုတ်ပြန်ရတာပါခင်ဗျာ။"လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Red Star ကပြောပါတယ်။

ပြည်ခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဂရုတစိုက် ရှောင်ရှားနေထိုင်နိုင်ကြဖို့ မေတ္တာရပ်ခံ သတိပေးချင်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့အနေနဲ့ စစ်ရေးအရှိန်မြှင့်လာပြီ ဖြစ်တဲ့အတွက် စစ်ဘေးရှောင်ရမယ့် အခြေနေတွေကို တော်လှန်ရေးတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြည့်ရှုလိုက်နာကြဖို့၊ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေပေးကြဖို့ ပြောချင်တယ်။" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Red Star ကပြောပါတယ်။

လက်ရှိမှာတော့ ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ရေးအရှိန် မြှင့်လာနေပြီဖြစ်ပြီး ပြည်မြို့နယ်၊ ဝက်ထီးကန်၊ ဝိုင်းချောင်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေ အထိနာထားသလို ယခု ပန်းတောင်းမြို့နယ် တိုက်ပွဲမှာလည်းစစ်ကောင်စီတပ်တွေ သေဆုံးခဲ့ရပါတယ်။

ပုံစာ - ရခိုင်ရိုးမအတွင်း စစ်ကြောင်းထွက်နေသည့် PDF ရဲဘော်များ။ (ပုံဟောင်း)

#မြေလတ်အသံ

#ပန်းတောင်း #ရခိုင်ရိုးမ #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10