မုံရွာမြို့မှာ ပရီမီယာကော်ဖီကုမ္ပဏီကား ဓားပြတိုက်ခံရ ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွား

မုံရွာမြို့မှာ ပရီမီယာကော်ဖီကုမ္ပဏီကား ဓားပြတိုက်ခံရ ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက် ၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ပရီမီယာကော်ဖီကုမ္ပဏီကား ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၅ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မိုးကောင်းလမ်းရှိ ပရီမီယာကုမ္ပဏီရုံးကနေ မုံရွာမြို့ထဲဘက်ကို ဘဏ်ငွေလွှဲဖို့ ထွက်လာတဲ့ ယာဥ်မောင်း ကိုအောင်မြင့်မင်းပါ ကုမ္ပဏီဝန်ထမ်း ၄ ဦးလိုက်ပါလာတဲ့ ကုမ္ပဏီကားကို အမျိုးသား ၂ ဦးက ဖြစ်စဥ်နေရာအရောက်မှာ သေနတ်ပြ ကားရပ်ခိုင်းပြီး ငွေတွေကိုယူသွားတယ်လို့ ဆိုပါတယ်။

"သူတို့လုပ်သွားတဲ့နေရာက လူအရမ်းပြတ်တဲ့နေရာတော့ မဟုတ်ဘူး။ လူမြင်ကွင်းမှာပဲ။ သိရသလောက်က ဘဏ်လွှဲမယ့်ငွေတွေတော့ ပါသွားတာကို သိရတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားပြတိုက်ခံရလို့ ကုမ္ပဏီပိုင် ငွေကျပ် ၅၇၄ သိန်းနဲ့ ဘဏ်စာအုပ်အချို့ပါသွားတယ်လို့ သိရပြီး အခြားဘာတွေပါသွားလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

"အဲကိစ္စက ကျနော်တို့လည်း သတင်းပဲကြားတယ်။ ကျနော်လည်း အလုပ်ကိစ္စနဲ့ ခရီးထွက်နေလို့ ဘယ်လို ဘယ်ပုံဖြစ်တယ်ဆိုတာ အသေးစိတ်တော့ မသိရသေးဘူး" လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မုံရွာမြို့တွင်းမှာ မကြာခဏဆိုသလို ရွှေဆိုင်တွေ၊ ဘဏ်တွေနဲ့ နေအိမ်တွေ ဓားပြတိုက်လုယက်ခံနေရပေမယ့် လုယက်သူတွေထံမှာ သေနတ်တွေပါနေတာကြောင့် ဒေသခံတွေဟာ သိမြင်နေပေမယ့် ဝင်ရောက်ကူညီတာတွေ မလုပ်ရဲကြဘူးလို့ သိရပါတယ်။

၂၀၂၃ ဇူလိုင် ၄ ရက်ကလည်း မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဲအင်းဂူလမ်းမှာ နေအိမ် အနုကြမ်းစီးခံရပြီး ပစ်ခတ်ခံရလို့ အမျိုးသား ၁ ဦးဒဏ်ရာရကာ ကားနဲ့ပစ္စည်းတွေ ပါသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ကနေ ၂၀၂၃ ဒီဇင်ဘာအထိ မုံရွာမြို့နယ်မှာ ဓားပြတိုက်လုယက်မှု၊ ပြန်ပေးဆွဲမှု အကြိမ်ရေ ၉၀ နီးပါးဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ပရီမီယာကော်ဖီ #ဓားပြတိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10