ပအဖ ရုံးဖွင့်ပွဲ လေယာဥ်နဲ့လာပစ်လို့ ကလေးငယ်တွေအပါအဝင် ၅၀ကျော်သေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မလည်တိုက်နယ် ပဇီကြီးရွာမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( ပအဖ) ရုံးဖွင့်ပွဲပြုလုပ်နေချိန် စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၅၀ထက်မနည်း ထိခိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။
ဧပြီလ ၁၁ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်မှာ တံတားဦးလေတပ်ဆွယ်က တက်လာတဲ့ ဖိုက်တာ ၁ စီးဟာ ပဇီကြီးရွာ ပအဖရုံးဖွင့်ပွဲကို လေကြောင်းကနေ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။
နောက်ထပ်နာရီဝက်လောက်မှာတော့ နမခ ကနေ ထပ်တက်လာတဲ့ Mi-35တိုက်ခိုက်ယာဥ် ၁ စီးဟာ ပဇီးကြီးရွာပတ်ပတ်လည်ကို ဒုတိယအကြိမ် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။
"အတွင်းစည်းပေါက်ကြားတာဖြစ်ဖြစ် နယ်ခံဒလန်ပေးပို့လို့ပဲဖြစ်ဖြစ် အခုလိုအတိအကျသိပြီး လာပစ်တာခံရတာလို့ပြောတယ်။ အခုနောက်ပိုင်း ထပ်ကြားရတာက ပဇီကြီးရွာအတွင်း ပိတ်မိတဲ့ပြည်သူတွေ အကုန်သေတယ်လို့ ထပ်ကြားရတယ်အသေအပျောက်တအားများနေတယ် " လို့ ဆိုပါတယ်။
လေယာဉ် ၂စီး နဲ့ အလှည့်ကျ ၁၀ မိနစ်ဝန်းကျင်လောက်လာပစ်သွားတာဖြစ်တဲ့အပြင် မထထမင်းကျွေးရုံဘက်ကိုဗုံချသွားတာဖြစ်လို့ သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။
"ဗုံးအရေအတွက်ကတော့ ဂျက်ဖိုက်တာနဲ့ချတာ ၂လုံးလောက်ချတယ်လို့ ထင်တယ်။ Mi35 ကတော့ ဗုံးအရေအတွက် မပြောနိုင်တော့ဘူး ဘာလို့လဲဆိုတော့ သူဝိုက်ပစ်သွားတာ အကြာကြီးပစ်သွားတာ" လို့ ဆိုပါတယ်။
အခုလက်ရှိအချိန်မှာ ပဇီကြီးကျေးရွာထဲမှာ ထိခိုက်သေဆုံးမှုတွေများနေတဲ့အတွက်ရှင်းလင်းရေးလုပ်ဆောင်ဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်တာကြောင့် မြေလတ်အသံအနေနဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
စာတည်း- ဇို
#မြေလတ်အသံ
Share
Share
Share