ပုလဲနယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းပစ်ကူယူနေရ

ပုလဲနယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းပစ်ကူယူနေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်တို့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့တာကြောင့် လေကြောင်းကနေ ပစ်ကူယူခဲ့ရတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)က ထုတ်ပြန်ပါတယ်။

ပုလဲမြို့ပေါ်ကနေ အင်အား ၈၀ ကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို နွယ်ရှောက်ကျေးရွာ အနီးအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ BNRAမှ ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

မုံရွာနမခကနေထွက်လာတဲ့ Mi-35 ရဟတ်ယာဉ်တစီးက တိုက်ပွဲဖြစ်ပွားတဲ့ နွယ်ရှောက်ကျေးရွာအနီးက တောတန်းတွေကို စက်လတ်တွေနဲ့ မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောပါတယ်။

"စကစတွေ တိုက်ခိုက်ခံရလို့ ရွာထဲဝင်မရဖြစ်တော့ လေကြောင်းပစ်ကူခေါ်တာ။ ရွာထဲကိုတော့ မပစ်ခဲ့ဘူး။ တောတန်းတွေကိုပဲ ပစ်သွားတာ။ ဒေသခံတွေနဲ့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး" လို့ သူက ဆိုပါတယ်။

လေကြောင်းပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က နွယ်ရှောက်ကျေးရွာထဲကို ဝင်ရောက် နေရာယူတပ်စွဲကာ ညအိပ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်မှာတော့ နွယ်ရှောက်ကျေးရွာကနေ အင်မထီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတွေဘက်ကို ထွက်ခွာသွားနေကြတယ်လို့ ဦးဇော်ထက်က ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၇ ရက်မှာလည်း ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးက ဆည်ဘောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲနေရာကို တံတားဦး ဘက်ကနေတက်လာတဲ့ ရဟတ်ယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဦးဇော်ထက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်မှာလည်း ပုလဲမြို့နယ်က ညောင်ကုန်းနဲ့ ပိတောက်ကုန်းရွာကို တိုက်ပွဲမဖြစ်ဘဲ  စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ညောင်ကုန်းရွာက ဒေသခံ ၁၁ ဦးနဲ့ ပိတောက်ကုန်းရွာက တစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ပုံစာ - ဇွန် ၂၇ ရက်မှာ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းပစ်ခတ်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အုံများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့ #စစ်ကောင်စီတပ် #ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် #လေကြောင်း #BNRA #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10