ပေါက်က ရွာ ၃ ရွာကို စစ်တပ်က လက်နက်ကြီး‌နဲ့ ပစ်ခတ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရ

ပေါက်က ရွာ ၃ ရွာကို စစ်တပ်က လက်နက်ကြီး‌နဲ့ ပစ်ခတ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရ

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရွာ ၃ ရွာကို စစ်ကောင်စီတပ်က မတ်လ ၉ ရက် ဒီမနက် ၅ နာရီလောက်ကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရတယ်လို့ ပေါက်တပ်ရင်း ၄ အဖွဲ့ဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေါက်မြို့နယ် ညောင်ဝန်းတောင်စုရွာ၊ ညောင်ဝန်းမြောက်စုရွာ၊ ရွာသာကြီးရွာ၊ ဝက်မှီးရွာတွေကို ‌လက်နက်ကြီး‌တွေနဲ့ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာဖြစ်ကာ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံ ၂ ဦးနဲ့ PDF ရဲ ဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

“မနက်အစောကြီး လက်နက်ကြီး‌တွေနဲ့ ပစ်ပြီးဝင်လာတာ။ ညောင်ဝန်းမြောက်စုရွာက ဒေသခံပြည်သူ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိမှန်ဒဏ်ရာရထားတယ်။ ရဲဘော် ၁ ယောက်လည်း ထိထားတယ်။ ပခုက္ကူဘက်ကလာတဲ့ တပ်မ ၁၀၁ တပ်တွေလို့တော့ ယူဆရတယ်။ အင်အားတော့ နည်းနည်းများတယ်” လို့ ပေါက်တပ်ရင်း ၄ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ ပေါက်မြို့နယ်အတွင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံနေရတဲ့ ညောင်ဝန်းမြောက်စုရွာ၊ ညောင်ဝန်းတောင်စုရွာ၊ ဝက်မှီးရွာတွေအပြင် အနီးတဝိုက်မှာရှိတဲ့ အင်းတောရွာ၊ နွားသတ်ရွာ၊ ထန်းတောရွာ ၊ကျွန်းကြီးရွာ၊ ကျားပစ်ကန်ရွာ၊ အောက် ကျဉ်းရွာ၊ စမ်းရေခုံရွာ စတဲ့ရွာတွေက ဒေသခံ ၅ ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ကမ်းပါးဖြူရွာအပါအဝင် ရွာ ၄ ရွာကို စစ်ကြောင်းထိုးလာလို့ ဒေသခံ ၁၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ကမ်းပါးဖြူရွာက နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်ဟာ စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကြေငြာပြီးနောက်ပိုင်း ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ နယ်မြေရှင်းလင်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10