ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က ပေါက်ခေါင်းမြို့နယ်၊ ကြံ့သေကျေးရွာကနေ ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၇ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်ပြီးတော့ စစ်ကြောင်းက ဒီနေ့မှ ဆုတ်သွားလို့ သတင်းက အခုမှ ထုတ်ပြန်ရတာပါ။ အသေးစိတ်ကတော့ ပြောလို့အဆင်မပြေဘူး။ အနီးအနားက တချို့ရွာအစဉ်အဆက်ကို သူတို့ကမဲနေလို့ ပြောလို့မဖြစ်လို့ပါ" လို့ ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို ယမန်နေ့ ဇူလိုင် ၁၀ ရက်က ရှင်းလင်းရေးသွားရောက်လုပ်ဆောင်ခဲ့ရာမှာတော့ ကြံ့သေချောင်းဘေးက ယာတဲတလုံးကို စစ်ကောင်စီကမီးရှို့သွားတာတွေ့ရပြီး သေဆုံးတဲ့တပ်သားတွေကို ယာတဲနဲ့အတူ မီးရှို့သွားတာလည်း ဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ရေးအရှိန်မြှင့်ဖို့ရှိတဲ့အတွက် ဒေသခံတွေနေနဲ့ စစ်ကောင်စီသတင်းပေးနဲ့ လမ်းပြတွေမလုပ်ကြဖို့ ပြောဆိုပါတယ်။

"စစ်ကောင်စီတပ်သားတွေအနေနဲ့ အလင်းဝင်ကြဖို့ တပ်သားသစ်တွေအနေနဲ့လည်း နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေ့ချ်အသီးသီးမှာ ဆက်သွယ်ပြီးတော့ အလင်းဝင်ကြဖို့ တိုက်တွန်းတယ်။ နောက်တခုက ပြည်သူများအနေနဲ့လည်း စစ်ကောင်စီအနားမနေဖို့ လမ်းပြမလုပ်ဖို့ ပြောချင်တယ်။" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ရိုးမပေါ်မှာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွါရာလမ်းကြောင်းတွေမှာ နင်းမိုင်းတွေထောင်သွားလေ့ရှိသလို မီးရှို့တာတွေလည်း ရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ သတိပေးထားပါတယ်။

ပုံစာ - ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေစဉ်။ (ပုံဟောင်း)

 

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ပဲခူးရိုးမ #စစ်ကောင်စီ #စစ်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10