ပေါက်မြို့နယ်က ဘုန်းကြီးကျောင်းကို လေကြောင်းကတိုက်ခိုက်လို့ သံဃာ ၁ ပါးပျံလွန်

ပေါက်မြို့နယ်က ဘုန်းကြီးကျောင်းကို လေကြောင်းကတိုက်ခိုက်လို့ သံဃာ ၁ ပါးပျံလွန်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာသစ်စုကျေးရွာက ဘုန်းကြီးကျောင်းကို သြဂုတ် ၇ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သံဃာတပါးပျံလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၇ ရက်မနက် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စီးက စစ်ဘေးရှောင် ၁၀၀ လောက်ရှိနေတဲ့ အထက်ပါဘုန်းကြီးကျောင်းကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ရှောင်တွေဟာ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာဘက်ကဖြစ်ပြီး စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ပေါက်မြို့နယ်ဘက်ကို ပြေးလာကြသူတွေဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကိုပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနည်းဆုံး ၅ မိုင်လောက် ဝေးမယ်။ အရပ်သားပစ်မှတ်တွေ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာ၊ ထမင်းစားနေချိန်မှာ လာပစ်သွားတာ" လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။ 

ဒီပစ်ခတ်မှုကြောင့် မြိုင်မြို့နယ်ဘက်ကနေစစ်ရှောင်လာတဲ့ သက်တော် ၃၀ အရွယ် သံဃာ ၁ ပါး ပျံလွန်ခဲ့ပြီး ကလေးငယ် ၅ ဦးအပါအဝင် ၁၃ ဦးဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးကုသမှုပေးနေပြီး ပျံလွန်တော်မူတဲ့ သံဃာကိုတော့ သင်္ဂြိုဟ်ပေးလိုက်ပြီလို့ ဆိုပါတယ်။ 

ပစ်ခတ်ခံရပြီးနောက် ပစ်ခတ်ခံရတဲ့ဘုန်းကြီးကျောင်းကနေ စစ်ရှောင်တွေနေရာပြောင်းရွှေ့သွားပြီး သြဂုတ်လ ၉ ရက် ဒီမနက်အထိတော့ စစ်ရေးအခြေအနေတွေ ငြိမ်နေသေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #စစ်ကောင်စီ #လေကြောင်းပစ် #သံဃာသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10