ပေါက်မြို့နယ်က ပျူစောထီးစခန်းကို PDF တွေတက်သိမ်း၊ နှစ်ဘက်ထိခိုက်မှုရှိ

ပေါက်မြို့နယ်က ပျူစောထီးစခန်းကို PDF တွေတက်သိမ်း၊ နှစ်ဘက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်မှုရှိခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

ဧပြီ ၂၉ ရက် မနက်အစောပိုင်း ၂ နာရီကနေ ၆ နာရီအထိ တပ်ကုန်းရွာက ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘန်ကာ ၃ ခုအထိ သိမ်းပိုက်ကာ လက်ကျန်ဘန်ကာ ၁ ခုကို သိမ်းပိုက်ရန် ကြိုးစားစဉ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အထက်ပါ တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်တဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့သလို တခြားထိခိုက်ဒဏ်ရာရရှိတဲ့ပျူစောထီးတွေလည်း အများအပြာရှိခဲ့တယ်လို့ သိရပါတယ်။ 

“ပျူခေါင်းဆောင်ကတော့ သေဖို့များတယ်” လို့ ကိုဘကွန်းက ပြောပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

ပေါက်မြို့နယ် တပ်ကုန်းရွာ ပျူစောထီးစခန်းဟာ ဘန်ကာတွေ စနစ်တကျတည်ဆောက်ထားတာဖြစ်ပြီး ပခုက္ကူတပ်မ ၁၀၁ က စစ်သားနဲ့ တပ်ကုန်းရွာ ပျူစောထီးအင်အားပေါင်းရင် ၅၀ နဲ့ ၁၀၀ အကြားမှာရှိတယ်လို့ ကိုဘကွန်းက ဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ချောက် ပကဖက ရဲဘော် ၂ ဦးနဲ့ မဟာမိတ်အဖွဲ့က ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ 

“ရဲဘော်တွေအသက်ရှင်နိုင်ခဲ့တာဟာ ကျည်ကာအင်္ကျီကြောင့်” ကိုဘကွန်းက ပြောပါတယ်။ 

တပ်ကုန်းရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားထပ်ပြီးတိုးချဲ့ချထားကာ ဘေးပတ်ဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F)၊‌ ချောက် ပကဖနဲ့ နယ်မြေခံမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ-ဒဏ်ရာရ ရဲဘော် ၂ ဦးရဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ ကျည်ကာအင်္ကျီများ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့နယ် #တပ်ကုန်းရွာ #ပျူစောထီး ChaukGuerrillaForce

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10