သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်ကောင်စီထံသတင်းပေးတဲ့ ဒလန်ဟုဆိုကာ လူငယ် ၂ ဦးကို ရပ်/ကျေး ပကဖအဖွဲ့က မှားယွင်းရှင်းလင်းခဲ့တဲ့အတွက် အဖွဲ့ခေါင်းဆောင်ဖြစ်သူနဲ့ ရဲဘော် ၁ ဦးကို ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဥပဒေအတိုင်းအရေးယူထားတယ်လို့ ပေါက်မြို့နယ်ပလဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပေါက်မြို့နယ်၊ ကျေးရွာတရွာက ညီအစ်ကို ၂ ဦးဟာ စစ်ကောင်စီကို သတင်းပေးနေတယ်လို့ တရွာတည်းနေသူ တဦးက သတင်းပေးလာတဲ့အတွက် ဗိုလ်စစ်နိုင် ဦးဆောင်တဲ့ ရပ်/ကျေး ပကဖအဖွဲ့က ၂၀၂၁ ခုနှစ် ဇွန်လမှာ သွားရောက် ရှင်းလင်းခဲ့ပါတယ်။
ရှင်းလင်းခံရသူ ၂ ဦးရဲ့ မိဘဖြစ်သူတွေက ဒလန်ရှင်းလင်းမှုမှာ မှားယွင်းစွာရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပေါက်မြို့နယ် ပလဖအဖွဲ့ဆီကို တိုင်ကြားလာတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ သေဆုံးသွားတဲ့ ညီအစ်ကို ၂ ဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသလို လက်နက်ကိုင်တော်လှန်ရေးမှာလည်း ထောက်ပို့အဖြစ်ပါဝင်ကူညီသူတွေ ဖြစ်နေခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ခံတဦးက မြေလတ်အသံကို ရှင်းပြပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လမှာ ဖြစ်ခဲ့တဲ့ အမှုကို အခုနှစ် ၂၀၂၃ ဧပြီလမှာ ပြန်လည်ဖမ်းဆီးရတဲ့အကြောင်းနဲ့ပတ်သက်လို့ ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို အခုလိုရှင်းပြပါတယ်။
“ကလေးတွေကို မသေချာဘဲနဲ့ ဒီလို အဆုံးစီရင်လိုက်တယ်ဆိုတော့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းတယ်ပေါ့။ ဖမ်းပြီး မေးမြန်းစစ်ဆေးတဲ့အချိန်ကျတော့ တရားစီရင်ရေးတွေ၊ အချုပ်ထောင်တွေ မပေါ်သေးတဲ့အချိန်(၂၀၂၁ခုနှစ်)ဆိုတော့၊ သူတို့ကို ခဏ အာမခံနဲ့ပေးပြီးတော့ တော်လှန်ရေးပြီးတဲ့ကာလပဲဖြစ်ဖြစ်၊ တရားဥပဒေ ပေါ်လာတဲ့ကာလပဲဖြစ်ဖြစ် မင်းတို့ဟာ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမယ်။ တရားဥပဒေအရပေးတဲ့ ပြစ်ဒဏ်ကို ခံယူရပါမယ်ဆိုတဲ့ ခံဝန်လက်မှတ်တွေနဲ့ ပြန်ထွက်လာတာပါ” လို့ သူက ရှင်းပြပါတယ်။
ဒလန်လို့ မှားပြီးရှင်းလင်းခဲ့တဲ့(၂၀၂၁)ကာလဟာ တော်လှန်ရေးအစောပိုင်းကာလတွေဖြစ်လို့ အစိုးရရဲ့ အုပ်ချုပ်ရေးလည်း မပေါ်ပေါက်သေးသလို တရားစီရင်ရေးပိုင်းလည်း ပီပီပြင်ပြင် မပေါ်ပေါက်သေးတဲ့အတွက် အပြစ်ကျူးလွန်တယ်လို့ ယူဆရတဲ့ ဗိုလ်စစ်နိုင်ကို ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ကာ အခုနှစ် အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေးစတဲ့ကဏ္ဍတွေ ပေါ်ပေါက်လာတဲ့အတွက် ၂၀၂၃ ဧပြီလမှာ ပြန်လည်ဖမ်းဆီးရတာဖြစ်တယ်လို့ သူက ထပ်ရှင်းပြပါတယ်။
လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဗိုလ်စစ်နိုင်နဲ့ ရဲဘော် ဇော်မင်းလှိုင်တို့ဟာ တော်လှန်ရေးမှာပါဝင်ခဲ့တဲ့သူတွေဖြစ်သလို သူတို့တွေအနေနဲ့ စနစ်တခုအကူးအပြောင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုအရ တရားဥပဒေကို ရင်ဆိုင်ဖြေရှင်းသွားဖို့ရှိနေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ခံတဦးက ပြောပါတယ်။
“ဥပေဒမှာ သူတို့ကျူးလွန်ခဲ့ရင်လည်း ကျူးလွန်တဲ့အပြစ်ဒဏ်ကို သူတို့ခံယူမယ်။ တကယ်လို့ သူတို့မကျူးလွန်ဘူး ဆိုရင်လည်း မကျူးလွန်တဲ့အနေအထားအရ ဥပဒေအတိုင်းပဲလျှောက်ပါ့မယ်ဆိုပြီးတော့ သူတို့ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ အေးအေးဆေးဆေးပါ” လို့ သူက ဆိုပါတယ်။
ဒါကြောင့်လည်း ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာပြီး ၂ နှစ်ကြာပြီးနောက် အခုနှစ် (၂၀၂၃) ဧပြီလ ၆ ရက်မှာ အသက် ၅၂ နှစ်အရွယ် ရပ်/ကျေးပကဖ ခေါင်းဆောင် ဗိုလ်စစ်နိုင်နဲ့အတူ ရဲဘော်ဇော်မင်းလှိုင်ကို ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ကျေးရွာမှာ လာရောက်ဖမ်းခေါ်သွားတာဖြစ်ပါတယ်။
ဗိုလ်စစ်နိုင်ကို ဖမ်းဆီးခဲ့တာကလည်း သတ်ခံခဲ့ရတဲ့ ညီအစ်ကို ၂ ယောက်ဟာ ဒလန် မဟုတ်ဘူးလို့ အသတ်ခံရသူရဲ့ မိဘနဲ့ အစ်ကိုဖြစ်သူတို့က တိုင်ကြားသလို တခြား ပကဖတွေကလည်း တိုင်ကြားထားတဲ့အတွက် သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲတင်ထားတာဖြစ်တယ်လို့ ပေါက်မြို့နယ်ပလဖက ရှင်းပြပါတယ်။
“ကျနော်တို့က သမ္မတဖြစ်ဖြစ်၊ ဝန်ကြီးချုပ်ဖြစ်ဖြစ် ဘယ်ကောင်ဖြစ်ဖြစ်။ အကြောင်းမဲ့လူသတ်ခွင့်ပေးမထားဘူး။ တော်လှန်ရေးလုပ်လို့ပဲဖြစ်ဖြစ်၊ ခွေးဘက်ကပဲဖြစ်ဖြစ် လူသတ်ခွင့်ပေးမထားဘူး။ တရားဥပဒေအရတော့ တရားစွဲတင်ခံရမှာပဲလေ။ အပြစ်ရှိရင် တရားဥပဒေအရ ပြစ်ဒဏ်ခံရမယ်၊ အပြစ်မရှိရင်တော့ လွတ်လိမ့်မယ်ပေါ့” လို့ သူက ဆိုပါတယ်။
ဗိုလ်စစ်နိုင်အဖမ်းခံရပြီးနောက် ဧပြီလ ၁၄ ရက်မှာ သူရဲ့အမျိုးတွေအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ခန့်ဟာ ဗိုလ်စစ်နိုင်အဖမ်းခံထားရတဲ့နေရာကို သွားရောက်ပြီး မေးမြန်းစုံစမ်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
လာရောက်တွေ့ဆုံကြသူတွေထဲက ဗိုလ်စစ်နိုင်ရဲ့ ယောက်ဖတော်စပ်သူနဲ့ မယားညီကိုဖြစ်သူ ၂ ဦးဟာ ထန်းပင်တက်စရာရှိတာကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာသို့ ဆိုင်ကယ်နဲ့ အရင်ဆုံး ပြန်ထွက်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ ၂ ဦးဟာ အပြန်လမ်းမှာ တိုက်မိုင်းထိပြီး တဦးသေကာ တဦးကတော့ပျောက်ဆုံးသွားခဲ့တယ်လို့ ပေါက်မြို့နယ် ပလဖက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗိုလ်စစ်နိုင်ရဲ့ မိသားစုဝင်တွေက အခုသေဆုံးမှုဟာ ပေါက်မြို့နယ်ပလဖအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ စွပ်စွဲထားသလို ပေါက်မြို့နယ်ပလဖအဖွဲ့ကလည်း သူတို့ ၂ ဦးဟာ တိုက်မိုင်းထိတာသာဖြစ်ပြီး ပျောက်ဆုံးသွားသူတဦးဟာ မိုင်းပေါက်ကွဲရာ နီးစပ်တဲ့ ကျေးရွာအတွင်းကို ဝင်ပြေးသွားတာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ပျောက်ဆုံးသွားသူ ဝင်ပြေးသွားတဲ့ ကျေးရွာဟာ ပျူစောထီးတွေရှိတဲ့ ကျေးရွာဖြစ်တယ်လို့ ပေါက်မြို့နယ် ပလဖအဖွဲ့ ထံက စုံစမ်းသိရှိရပါတယ်။
သေဆုံးသူ ၂ ဦးအနက် တဦးရဲ့အလောင်းကိုသာ ပြန်ရပြီး ကျန်အလောင်းကိုတော့ ဒီနေ့အထိ ပြန်မရသေးပါဘူး။ ပြန်ရရှိတဲ့အလောင်းမှာတော့ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရသလို သေနတ်ကျည်မှန်ထားတဲ့ဒဏ်ရာလည်း တွေ့တယ်လို့ ဗိုလ်စစ်နိုင်ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
အဖွဲ့အစည်း နှစ်ဖက်စလုံးကတော့ အပြန်အလှန်ပြောဆိုထားကြပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ မိသားစုဝင်တွေ ပေးပို့လာတဲ့သေဆုံးသူရဲ့ ဓာတ်ပုံတွေအရတော့ သေဆုံးသူရဲ့ ပေါင်မှာ ပေါက်ပြဲ၊ ပြတ်ရှဒဏ်ရာ ၂ ချက်နဲ့ ဝတ်ထားတဲ့ လုံချည်မှာ သွေးတွေစိုရွဲနေတာကို တွေ့ရပါတယ်။
သေဆုံးသွားသူဟာ အသက်၄၉နှစ်ကျော်အရွယ်ရှိ ဦးမြင့်ဌေးဆိုသူဖြစ်ပြီး ပျောက်ဆုံးနေတဲ့တယောက်ကတော့ အသက် ၄၆ နှစ်အရွယ် ဦးသောင်းရှိန်ဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပေါက်မြို့နယ် #ဒလန်ရှင်း #မကွေးတိုင်း #ဥပဒေအရ #ဗိုလ်စစ်နိုင်
Share Share Share